ဖို့ဝိန်း ဒီမိုကရေစီအင်အားစုများ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းြမို့ဒီမိုကရေစီ အင်အားစုတွေက တယ်လီဖုန်းနဲ့ ဆက်သွယ် နှုတ်ခွန်းဆက်ရင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးမေးမြန်းချက် တခုမှာ မြန်မာနိုင်ငံတွင်း ပညာရေး လူမှုရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ အမျိုးသားရေး လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမဲ့ နိုင်ငံတကာ လူမှု ကွန်ရက်တခု ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းရေး ၊ အမျိုးသား ရန်ပုံငွေ တရပ် ထူထောင် ဖို့ အတွက် တဦးကို တလ တဒေါ်လာ ထည့်ဝင်တဲ့ တဒေါ်လာ ကင်ပိန်း လှုပ်ရှားမှု လုပ်ဆောင်သွားရေး အကြောင်း ဆွေးနွေးမေးမြန်းခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်မြင့်ထွန်းက ပြောပါတယ်။

“နိုင်ငံတကာ လူမှုကွန်ရက်အတွက်ကို ကိုယ်ပိုင် ရန်ပုံငွေ ထူထောင်တဲ့ စနစ်လေးတခု ကျွန်တော်တို့ ပြင်ဆင်ထားတယ်။ အမျိုးသား ရန်ပုံငွေ အဖြစ်နဲ့ ဘုံ သတ်မှတ်ထားတာပေါ့နော်။ ဒီ အမျိုးသား ရန်ပုံငွေမှာ တဦးလျှင် တလ တဒေါ်လာ နှုန်းနဲ့ ကျွန်တော်တို့ တဒေါ်လာ ကင်ပိန်းကို စပြီးတော့ လုပ်ဆောင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတယ်။ အဲဒါကို အန်တီစုအနေနဲ့ နိုင်ငံတကာ လူမှုကွန်ရက် လုပ်ငန်းစဉ်ရယ်၊ ဒီ တဒေါ်လာ အမျိုးသား ရန်ပုံငွေ ထူထောင်ရေး ကိစ္စတွေမှာ လိုအပ်သလို အကြံဉာဏ်ပေးပြီးတော့ လမ်းညွှန်မှုလေးတွေ ပေးပါလို့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ တောင်းခံတာပေါ့ခင်ဗျာ။”

ဒေါ်အောင်ဆန်းစုကြည်က ပဏာမအနေ နဲ့ ပြည်ပရောက် အဖွဲ့အစည်းတွေ စည်းလုံး ညီညွတ်မှု အပေါ် ဝမ်းသာကြောင်း အခုလို ပြောခဲ့ပါတယ်။

“ပထမဦးဆုံး ပြောရမယ်ဆိုလို့ ရှိရင်ပေါ့နော်။ ဒီလို နိုင်ငံခြားမှာ ရောက်နေတဲ့ အန်တီတို့ရဲ့ ပြည်သူလူထုတွေက စုစုစည်းစည်းနဲ့ လုပ်တယ်ဆိုတာ ကြားရတဲ့အခါကျတော့ အင်မတန်မှကို ဝမ်းသာတယ်။ အဲဒီဟာကို ဆက်ပြီးတော့ ထိန်းသိမ်းထားစေချင်တယ်။ နိုင်ငံခြားမှာဆိုလို့ရှိရင် ပြည်ပမှာ ဒီမိုကရေစီ အဖွဲ့အစည်းတွေက တော်တော်များတယ်။ ပုဂ္ဂိုလ်တွေရော၊ အဖွဲ့အစည်းတွေရောပေါ့နော်။ တခါတလေကျလို့ရှိရင်လည်း အချင်းချင်းကြားမှာ ညီညွတ်မှုတွေ မရှိဘူးဆိုတာကို ကြားရတဲ့အခါကျတော့ စိတ်မကောင်းဘူး။”

“အခုကျတော့ ဒီလိုပေါ့နော်၊ ပြည်သူ့ ကွန်ရက်တခု ထူထောင်ခြင်းအားဖြင့် ပြည်ပမှာ ရောက်နေတဲ့ အန်တီတို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေကို ညီညွတ်အောင် လုပ်နိုင်တယ် ဆိုလို့ရှိရင်တော့ အန်တီတို့က အရမ်းဝမ်းသာမှာပဲ။ ဒီလို ညီညွတ်မှုဟာ အဓိက။ ဒီလို ညီညွတ်မှု ရပြီဆိုလို့ရှိရင် ကိုယ်ဘာလုပ်လုပ် အောင်မြင်နိုင်မှာပါ။” ေ

ဒါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး ပြောရာမှာ - တဒေါ်လာ ကင်ပိန်း ဆိုတာ သေးသေးလေးက စလိုက်ပေမဲ့ ညီညွတ်မှုဆိုတဲ့ အင်မတန် ထုထည်ကြီးမားတဲ့ အင်အားကြီး တရပ် ဖြစ်လာနိုင်ပါလိမ့်မယ်။ ကွန်ရက်ကိစ္စကိုလည်း အပြန်အလှန် ဆက်စပ် လုပ်ဆောင် သွားဖို့ ဆက်သွယ်နေပါ ၊ လိုအပ်ရင် လိုအပ်သလို ဘယ်လို လုပ်ဆောင်သင့် တယ်ဆိုတာတွေကို အသိပေးသွားပါ့မယ် ၊ ပြည်တွင်းမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် အကြံဉာဏ်ကောင်းတွေ ပေးမယ် ဆိုရင်လည်း ပေးနိုင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလို တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးကြရာမှာ NLD ရဲ့ ရပ်တည်ရေး ၊ CRPP လွှတ်တော် ခေါ်ယူရေး၊ ရွှေဂုံတိုင် ကြေညာချက် အကြောင်းတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်မေးမြန်းပွဲကို မွန်၊ ကရင် တိုင်းရင်းသားတွေ၊ လှုမှုကွန်ရက် အသီးသီးနဲ့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ လာရောက် နားထောင်ကြသလို ဒိန်းမတ်နဲ့ နော်ဝေးက ဒီမိုကရေစီ အင်အားစုတွေကလည်း အွန်လိုင်းက တဆင့် နားထောင်ကြကြောင်း သိရပါတယ်။