ပြန်လွတ်လျှင် Twitter သုံးရန် ဒေါ်အောင်ဆန်းစုကြည်ဆန္ဒရှိ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာရင် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့တဲ့ ပြည်တွင်းပြည်ပ မျိုးဆက်သစ် လူငယ်တွေနဲ့ ထိတွေ့နိုင်ဖို့ Twitter အင်တာနက် လူမှုရေးကွန်ရက် နေ့စဉ် အသုံးပြုချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေဦးဉာဏ်ဝင်းက အခုလို ပြောပြ ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ပြောတာက သူက အခုအချိန်ပေါ့နော်၊ နိုင်ငံတကာက လူငယ်တွေ၊ ပြည်တွင်းက လူငယ်တွေ၊ သူတို့ရဲ့ သဘောထားတွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ သူတို့ စိတ်ကူးတွေကို သူသိချင်တယ်။ အဲဒါကြောင့် သူတို့နဲ့ အချိန်ယူပြီးတော့ Twitter ကတဆင့် စကားပြောဆိုချင်တယ်လို့ သူပြောတာ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ Twitter လို့ခေါ်တဲ့ အင်တာနက်ကွန်ရက် နည်းပညာသစ် မပေါ်ထွက်ခင် ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပွားပြီးကတည်းက တတိယအကြိမ် နေအိမ်အကျယ်ချုပ် ကျခံ နေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘဝမှာ စစ်အစိုးရထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ပြည်တွင်းထုတ် စာနယ်ဇင်းတွေကိုသာ ဖတ်ခွင့်ပေးထားပြီး တယ်လီဖုန်းနဲ့ အင်တာနက် အသုံးပြုခွင့်လည်း ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ လက်ပ်တော့ ခရီးဆောင် ကွန်ပျူတာတလုံး ရှိပြီး ကွန်ပြူတာ နည်းပညာတွေနဲ့ ပတ်သက်လို့ အကျွမ်းတဝင် ရှိပြီး ခေတ်ပေါ် အီလက်ထရွန်နစ် ပစ္စည်းကိရိယာတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကာလဟာ ပုံမှန်အတိုင်းဆိုရင် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ပြန်လည် လွတ်မြောက်လာမယ်လို့ အားလုံးက ခန့်မှန်း ပြောဆိုနေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရဖက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာတခုမှ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

တချိန်တည်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်ထားတာကို ဒီနေ့ ရန်ကုန်မြို့ ဗဟိုတရားရုံးမှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေး၊ ကြားနာခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရရှေ့နေ ဦးဉာဏ်ဝင်းက နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်ပေးချိန် စုစုပေါင်း ၂ နာရီလောက် ကြာတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ နှစ်ဖက် လျှောက်လဲချက်ပေးတာပေါ့။ ကျွန်တော်တို့ဖက်ကတော့ တော်တော်များများ ပြောပါတယ်။ အဲ အစိုးရဖက်ကတော့ ပုံမှန်လေးပဲ ပြောတယ်ပေါ့။ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ဒီအဆင့်မှာတော့ လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်လေ။ ဒီနေ့ အားလုံး ၂ နာရီ၊ ၂ နာရီခွဲလောက် ကြာပါတယ်။ ကျွန်တော်တို့က ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမအတွက် ဒေါ်ခင်ဌေးကြွယ်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ဦးကြည်ဝင်းပေးပါတယ်။ ရှေ့နေချုပ်ရုံးကတော့ ဒါရိုက်တာတယောက် လာပါတယ်။ သူက နှစ်မှုစလုံးအတွက် ပြောပါတယ်။”

နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးပြီးသွားတဲ့နောက် တရားသူကြီးက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ လာမဲ့ ၂ပတ်အတွင်း တရားသူကြီးက အဆုံးအဖြတ် ပေးလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ တရားရုံးကို NLD ပါတီဝင်များနဲ့ စိတ်ပါဝင်စားသူ ၅၀ ခန့် လာရောက် နားထောင်ခဲ့ပြီး ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်သံရုံးက အနောက်တိုင်း သံတမန်တချို့လည်း လာရောက် နားထောင်ခဲ့တယ်လို့ သိရပါတယ်။