ရွေးကောက်ပွဲမှာ မဲပေးမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတယ်လို့ အာဏာပိုင်တွေက လာရောက် အကြောင်းကြားခဲ့တာ မှန်ပေမဲ့ ဥပဒေအရ အကျဉ်းကျခံနေရသူ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိတဲ့အကြောင်းနဲ့ သူ့အနေနဲ့လည်း သွားရောက် မဲပေးမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကို အောက်တိုဘာ ၁၂ ရက် ဒီကနေ့ ပြောလိုက်ပါတယ်။

နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးကြည်ဝင်းကလည်း ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးလို့ မရဘူးဆိုတာကို ရှင်းပြပါတယ်။

“ထောင်ဒဏ် ကျခံနေရသူ ဆိုတဲ့ စကားရပ်ပါတယ်။ အဲဒီ စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာက တရားရုံး တရုံးရုံးက ပြစ်မှုနဲ့ ပတ်သက်ပြီးတော့ ထောင်ဒဏ် အပြစ်ကို ပေးလိုက်သောသူ ဖြစ်သည် ဆိုပြီးတော့က ဒါ ရှင်းနေတဲ့ အဓိပ္ပာယ်ပဲ။ ဆက်ပြီးတော့ကာ အဲဒီ အမိန့်ကို မကျေနပ်လို့ အယူခံ ဝင်ရောက်ထားသူလည်း ပါဝင်သည် ဆိုတော့ကာ အဲဒါကျတော့ ဒေါ်အောင်ဆန်းစုကြည် ပိုပြီးတော့ အကျုံးဝင်ရောဗျ။ အဲဒီအတိုင်းဆိုရင် သူ မဲပေးပိုင်ခွင့် မရှိဘူး။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က သူဦးဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက် တကယ်လို့ သူ့မှာ မဲပေးခွင့်ရှိတဲ့တိုင်အောင် မဲပေးစရာ ပါတီမရှိဘူးလို့ ရှေ့နေတွေကို ပြောဆိုကြောင်းသိရပါတယ်။

အင်းစိန်အကျဉ်းထောင်ရဲ့ အထူးတရားရုံးက ချမှတ်ထားတဲ့ အမိန့်နဲ့ ပတ်သက်လို့ လာမဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြင်ဆင်ချက် လျှောက်လဲချက် ပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အကျိုးဆောင်ရှေ့နေတွေက ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက် တွေ့ဆုံခွင့်ရပါတယ်။