လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်ကတည်းက လုပ်ခလစာ တိုးပေးရေး ဆန္ဒပြခဲ့ကြတဲ့ တိုင်ရီစက်ရုံ အလုပ်သမားထုမှာ ဝါဏိဇ္ဇပဋိပက္ခရုံးနဲ့ ဖြေရှင်းရေး ဆက်လက်ဆောင်ရွက်နေတဲ့ အလုပ်သမားတွေ ရှိနေဆဲဖြစ်သလို စားရေးသောက်ရေး အခက်အခဲကြောင့် အလုပ်ခွင်ပြန်ဝင်ကြသူ အလုပ်သမားတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ အလုပ်သမားသမဂ္ဂကို စက်ရုံမှာ အလုပ်ပြန်ဝင်ကြတဲ့ အလုပ်သမားတွေက ဖွဲ့စည်းလိုက်တာဖြစ်ပြီး အလုပ်သမား ၁၂၀ က လက်မှတ်ရေးထိုး ထောက်ခံခဲ့တယ်လို့ အလုပ်သမားအရေး ကူညီနေသူ ကိုသန်းက အာအက်ဖ်အေကို ပြောပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ အလုပ်သမားသမဂ္ဂကို ဦးဆောင်ဖို့ ယာယီဦးဆောင် ကော်မီတီကို ဖွဲ့စည်းလိုက်ပြီး တိုင်ရီစက်ရုံ အုပ်ချုပ်ရေးနဲ့ မြို့နယ်အာဏာပိုင်တွေကလည်း ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင် ပြန်မဝင်ဘဲ ဆက်လက် တောင်းဆိုနေကြတဲ့ အလုပ်သမားထုက မနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ တိုင်ရီစက်ရုံမှာ အလုပ်ပြန်ဝင်နေကြတဲ့ အလုပ်သမား ကိုးရာလောက်ရှိမယ်လို့ သိရပါတယ်။