တမူးမြို့မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်

အိန္ဒိယ မြန်မာနယ်စပ် တမူးမြို့ စန္ဒကူးရပ်ကွက် လူနေအိမ်တစ်လုံးမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့လို့ အိမ်တွင်းမှာ ကစားနေတဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် သေဆုံးသွားပြီး ခြောက်နှစ်အရွယ် ကလေးတစ်ဦး ဆေးရုံတင် ကုသနေရတယ်လို့ သိရပါတယ်။

အရေးပေါ် လူနာဌာနမှာ ဆေးကုသ ခံနေရတဲ့ ကလေးကတော့ ပထမတန်း ကျောင်းသူတစ်ဦးလို့ သိရပြီး ဒီပေါက်ကွဲမှုဟာ မြန်မာပြည်မှာ ဝင်ရောက် ခိုလှုံနေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေနဲ့ ပတ်သက် နိုင်တယ်လို့လည်း ဒေသခံတွေက ယူဆ ကြပါတယ်။ ပေါက်ကွဲခဲ့တဲ့ ဗုံးအမျိုးအစားကို မသိရပေမယ့် သေဆုံးသွားတဲ့ ကလေးကတော့ မြင်မကောင်းလောက်အောင် ဖြစ်ခဲ့ကြောင်း၊ တစ်ခါကလည်း နန်းဖာလုံဈေးထဲမှာ ကသည်းသူပုန်တွေက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ကုန်သည်တွေဆီက ပိုက်ဆံတွေ တောင်းသွားခဲ့ဖူးကြောင်း၊ အဲဒါကြောင့် ဒီနန်းဖာလုံ ဈေးသူဈေးသားတွေ အကုန်လုံး လုံခြုံရေးနဲ့ ပတ်သက်လို့ တော်တော်လေးကို စိုးရိမ်နေကြောင်း အဲဒီဒေသခံကပဲ ဆက်ပြောသွားပါတယ်။ သေဆုံးသွားတဲ့ ကလေးကို အဲဒီနေ့ကပဲ တမူးမြို့ နာရေး ကူညီမှုအသင်းက မြေမြှုပ် သြင်္ဂိုဟ်ပေးခဲ့ပြီး ဆေးရုံတက်နေတဲ့ ကျောင်းသူအတွက် အလှူငွေ လိုက်လံကောက်ခံ ပေးနေတယ်လို့ သိရပါတယ်။