တနင်္သာရီတိုင်းဒေသကြီးမှာ သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်မီးရရှိနိုင်ဖို့ မြို့နယ်တွေမှာ ထောက်ခံကြောင်း လက်မှတ်တွေ စုဆောင်းကောက်ယူပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမယ်လို့ ထားဝယ်ဒေသ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဒီကနေ့ ပြောလိုက်ပါတယ်။
လောလောဆယ် ကန်ပေါက်ဖက်မှာ လက်မှတ် စုဆောင်းကောက်ယူနေပြီး ထားဝယ်မြို့မှာတော့ မကြာခင်ကောက်ယူသွားမယ်လို့ သိရပါတယ်။
တနသာၤရီတိုင်း ဒေသခံတွေဆီကနေ လက်မှတ်ကောက်ခံနေတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ထားဝယ်ဒေသ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုကျော်သက်က RFA ကို အခုလိုပြောပါတယ်။
"အခုလက်ရှိ ပထမဆုံးပေါ့နော် ဂတ်စ်ပိုက်လိုင်းကြီးသုံးလိုင်း ဘားတွေထားထားတဲ့ ကံပေါက်ကနေ စပြီးကောက်ပါတယ်၊ ကံပေါက်က ၁၄ ရက်နေ့က စကောက်ပါတယ်၊ ကံပေါက်ပြီးတာနဲ့ ၁၇ ရက်နေ့ ထားဝယ်မှာ ကိုမင်းကိုနိုင်တို့ရဲ့ စာပေဟောပြောပွဲကနေစမှာပါ၊ ထားဝယ်ပြီးရင် ပုလော၊ မြိတ်၊ ကော့သောင်း၊ တနင်္သာရီတို့ကို စာပေဟောပြောပွဲ ခရီးစဉ်နဲ့အတူ လက်မှတ်ရေးထိုး တောင်းဆို ပွဲကို စတင်သွားမှာပါ"
ဒေသခံတွေရဲ့ လက်မှတ်တွေကို လာမယ့် ဧပြီလမတိုင်ခင် အပြီးကောက်ယူသွားမှာဖြစ်သလို တချို့နေရာတွေမှာ တအိမ်တက်ဆင်း လက်မှတ်လိုက်လံကောက်ခံဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း ကံပေါက်ကျေးရွာနားက ဓမင်းဆိပ်နဲ့ ကံကော်တောင် ကျေးရွာနှစ်ရွာကို ချိတ်ဆက်ထားတဲ့ လမ်းပြုပြင်ပေးဖို့အတွက်လည်း လာမယ့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ကန်ပေါက်မှာ ရုံးစိုက်ထားတဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြင်သစ်နိုင်ငံအခြေစိုက် တိုတယ်ကုမ္မဏီကို ဆန္ဒပြ တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကိုရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
