ရာသီဥတု ဆိုးဝါးမှုကြောင့် တောင်ကြီး မိုးပုံးပျံပွဲ ရပ်ဆိုင်း

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ရာသီဥတုဆိုးဝါးနေတာကြောင့် ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။

မိုးဆက်တိုက်ရွာပြီး မြူတွေဆိုင်းနေတာကြောင့် မီးပုံးပျံလွှတ်တင်မယ့် အစီအစဉ်နဲ့ မြို့အတွင်း လှည့်လည်ပြသမယ့် မီးပဒေသာကပွဲကိုပါ ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီအဖဲ့ွဝင် ဦးသန်းရွှေက ပြောပါတယ်။

"အရင်နှစ်တွေမှာ တခါမှ ဒီလိုမကြုံဖူးဘူးခင်ဗျ၊ နှစ်စဉ်နှစ်တိုင်း ကျနော်တို့ ဒီလိုကျန်တာမရှိဘူး၊ အခုဆိုရင် လွှတ်မယ့်စာရင်းအရ ၄၃ လုံး ကျန်သေးတယ်ခင်ဗျ၊ မနေ့ကနဲ့ ဒီနေ့၊ မီးပဒေသာတောင် ကျနော်တို့ မလှည့်ဖြစ်ကြဘူးခင်ဗျ၊ သဘာဝဘေးအန္တရာယ်ဆိုတော့လည်း ဘယ်လိုလုပ်တတ်နိုင်မတုန်း"

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတလျှောက်မှာ ရာသီဥတုအခြေအနေကြောင့် ပထမဦးဆုံးအကြိမ် ပွဲတော်ကိုရပ်နားခဲ့တာဖြစ်ပြီး သုံးရက်ဆက်တိုက် မိုးရွာသွန်းနေတာကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး ပြိုင်ပွဲဝင်တချို့ရဲ့ မီးပုံးတွေကို မလွှတ်တင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေညက မီးပုံးပျံ မီးလောင်ပျက်ကျခဲ့မှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဲဒီထဲကလူ ၂ ဦး သေဆုံးခဲ့ပါတယ်။