ထင်းရူးမြိုင်ဘုန်းတော်ကြီးကျောင်း အာဏာပိုင်အဖွဲ့စည်း ဝင်ရောက်ဖြိုဖျက်

တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရူးမြိုင် ဘုန်းတော်ကြီးကျောင်းကို ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် သံဃမဟာနာယကအဖွဲ့ အပါအဝင် ရာနဲ့ချီတဲ့ အာဏာပိုင် အဖွဲ့စည်းတွေ အဓမ္မ ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် မြို့ခံ ဒကာ ဒါယိကာမတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

2012.09.13

သံဃမဟာနာယက အဖွဲ့အနေနဲ့ ဒီကျောင်းတိုက်ဟာ တရားဝင် အသိမှတ်ပြုထားတဲ့ ကျောင်းတိုက် မဟုတ်တာကြောင့် အခုလို လာရောက်ဖြိုဖျက်ရတာဖြစ်ကြောင်း ဒေသခံတွေကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ဝါတွင်းကာလမှာ အခုလို ကျောင်းတိုက် အကြမ်းဖက် ဖြိုဖျက်ခံရတာနဲ့ ပတ်သက်လို့ ထင်းရူးမြိုင် ကျောင်းတိုက် ဆရာတော် ဦးကဝိဇာတက RFA ကို အခုလို အမိန့်ရှိပါတယ်။

"သူတို့အနေနဲ့က ကျူးကျော်။ ဦးပဉ္စင်းနေလာတာကတော့ ၁၀ နှစ်ကျော်လာပြီ။ အရင့်အရင်ကတော့ အခက်အခဲဆိုတာ ဘာမှ မရှိခဲ့ဖူးဘူး။ ဦးပဉ္စင်းတို့ကို ပိတ်ပင်တားဆီးတာတွေလည်း မရှိခဲ့ဘူး။ ပြီးခဲ့တဲ့ မနှစ်ကမှ ဦးပဉ္စင်းတို့ကို လာလုပ်တာ။ သံဃာတွေ ကိုယ်တိုင်ဆောက်လုပ်ထားတဲ့ကျောင်း။ လက်သမားလည်း ကျောင်းကသံဃာပဲ။ ပန်းရံလည်း ကျောင်းက သံဃာပဲ။ အကုန်လုံး ကျောင်းက သံဃာနဲ့ ဖြည့်ဆည်းပြီး လုပ်ဆောင်ထားတဲ့ဟာပါ။ ကြိုတင်အကြောင်းကြားတာတော့ ရှိပါတယ်။ ရှိပေမဲ့ ဦးပဉ္စင်းတို့က ဝါတွင်းကာလဆိုတော့ ဒီလောက်ကြီး အကြမ်းဖက်လိမ့်မယ်လို့ မထင်ဘူး။ ချက်ခြင်းဖျက်ပြီး ချက်ခြင်းလုပ်ဆိုတော့ ဦးပဉ္စင်းတို့လည်း ဘာမှမတတ်နိုင်တော့ဘူး"

အခုဖြိုဖျက်ခံနေရတဲ့ ထင်းရူးမြိုင် ကျောင်းတိုက်ကို ပြောင်းရွှေ့ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မြို့နယ် သံဃာ့မဟာနာယက အဖွဲ့ကနေ နို့တစ်စာ ပေးပို့ထားခဲ့ပြီး၊ ထင်းရူးမြိုင် ကျောင်းတိုက် ဆရာတော်ကလည်း ဝါတွင်း ကာလအတွင်း သံဃာ ၂၂ ပါး ရှိတဲ့ ကျောင်းတိုက် ရွှေ့ပြောင်းဖို့ကိစ္စအတွက် ညှာတာ ထောက်ထားပေးဖို့ ပြည်နယ် သံဃ မဟာနာယက အဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေထံ သြဂုတ် ၃၁ ရက်နေ့စွဲနဲ့ အသနားခံစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။