ထိုင်းမြန်မာ နယ်စပ်အနီးမှာ ဇန်နဝါရီ ၁၉ ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီလောက်က မြန်မာနိုင်ငံဖက်ခြမ်းက ဝင်ရောက်လာတဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့တွေ နှစ်နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ မူးယစ်ဆေးဝါး အများအပြားနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့က လေးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင် မယ့်ကျန်မြို့နယ် ပါတန်းကျေးရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အဲဒီလက်နက်ကိုင်အဖွဲ့ဟာ မြန်မာနိုင်ငံဖက်ခြမ်း တာချီလိတ်ခရိုင်ထဲကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးက တနင်္ဂနွေနေ့မနက် ၅ နာရီ ဝန်းကျင်လောက်မှာ နယ်ခြားစောင့်တပ်ရင်း အမှတ် ၃၁ က တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဖက်ခြမ်းက ဝင်ရောက်လာတဲ့သူတွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ယာဘ (စိတ်ကြွဆေးပြား) အလုံးရေ ငါးသောင်းရပါတယ်၊ ဟီးရိုးအင်းဘိန်းဖြူ ၁၃ ထုတ်၊ AK 47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဆံငါးတောင့်ပါ ကျည်ကတ်တစ်ခု၊ လက်ပစ်ဗုံးတစ်လုံးနဲ့ အဲဒီအဖွဲ့က လူလေးယောက် အသေဖမ်းဆီးရမိခဲ့ပါတယ် လို့ ထိုင်းဘာသာနဲ့ ပြောကြားခဲ့တာပါ။
အမည်မသိ လက်နက်ကိုင်အဖွဲ့မှာ အဖွဲ့ဝင် ၈ ယောက်ပါဝင်ကြောင်း၊ အဲဒီအဖွဲ့က အလောင်း ၄ လောင်းအပြင် သေနတ်ဒဏ်ရာရရှိထားတဲ့ မူးဆေးလူမျိုး ဦးကြကာဆိုသူကို လက်ရဖမ်းဆီးမိခဲ့ပြီး ကျန် ၃ ယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းလည်း ပြောကြားပါတယ်။
ဘန်ကောက်ပို့စ် သတင်းမှာတော့ အခင်းဖြစ်ပွားတဲ့နေရာဟာ ထိုင်း မြန်မာနယ်စပ် UWSA ဝတပ်ဖွဲ့တွေ မူးယစ်ဆေးဝါးထုတ်လုပ်နေတယ်လို့ ပြောဆိုကြတဲ့ နေရာအနီးမှာဖြစ်ပြီး၊ UWSA ဒု ဗိုလ်မှူးကြီး ယီဆေရဲ့နယ်ထဲက မူးယစ်ဆေးသယ်ဆောင်လာသူတွေ နယ်စပ်ဖြတ်ပြီး ဝင်လာကြလိမ့်မယ်ဆိုတဲ့သတင်းအရ ကြိုတင်စောင့်ဆိုင်းနေခဲ့ရာက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖေါ်ပြပါတယ်။
အခုလို ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဟာ အခု ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။