ထိုင်းအလုပ်ရှင်နဲ့ မြန်မာအလုပ်သမားတွေ မပြေလည်မှု ထိုင်းအလုပ်သမားရုံး ဖြေရှင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက် အနောက်ဘက် ဝှေ့မုတ်ကျေးရွာ မှာရှိတဲ့ Jaguar Steel စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တစ်ပတ်မှာ ပုံမှန် အလုပ်လုပ်ရက် ၆ ရက်ရှိတာကို ၄ ရက်သာ အလုပ်လုပ်ခွင့်ရတဲ့အပေါ် မကျေနပ်လို့ ထိုင်း အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးကို ဒီကနေ့ တိုင်ကြားတဲ့အမှုဟာ တစ်ရက်တည်းနဲ့ ပြေလည်မှုရရှိခဲ့တယ်လို့ သိရှိရပါတယ်။
2012-11-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

Jaguar Steel စက်ရုံရဲ့ပစ္စည်းထုပ်ပိုးဌာနက  မြန်မာ အလုပ်သမား ၇၀ လာက်ကို ပုံမှန် အလုပ်ဆင်းရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနဲ့ စနေနေ့တွေမှာ ဘာမှခံစားခွင့်မရှိဘဲ အလုပ်မဆင်းနဲ့လို့ တနင်္လာနေ့က စက်ရုံ တာဝန်ရှိသူတွေက ပြောဆို အလုပ်ပိတ်ခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်ပြီး အလုပ်ပိတ်လိုက်တဲ့ နှစ်ရက်မှာ အလုပ်ပြန်လုပ်ရဖို့နဲ့၊ အကယ်၍အလုပ်မလုပ်ရရင် ပိတ်ရက်တွေအတွက် ထိုင်းဥပဒေအတိုင်း အလုပ်သမားခံစားခွင့်ရရှိဖို့  ဒီကနေ့ ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးကို အလုပ်သမားတွေက စုပေါင်းလက်မှတ်ထိုးပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စုပေါင်း တိုင်ကြားတာကို တပ်ခ်ခရိုင် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးက တာဝန်ရှိသူတွေနဲ့ ဆက်စပ်ညှိနှိုင်း ကူညီလုပ်ဆောင်ပေးသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေအကြား နေ့ချင်း ပြေလည်မှု ရခဲ့တယ်လို့ ပြောပါတယ်။

အလုပ်သမားတွေစုပေါင်းတိုင်ကြားရတဲ့ အခြေအနေကိုလည်း Jaguar Steel စက်ရုံမှာ ၄ နှစ်နီးပါးကြာ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမက အခုလိုပြောပါတယ်။

"အဲဒီ ဗုဒ္ဓဟူး၊ စနေ အလုပ်ပိတ်မှာကို အသိအမှတ်ပြု လက်မှတ်ထိုးခိုင်းတယ်။ ကျေနပ်မှုမရှိဘူး။ သူတို့ အတင်းအထိုးခိုင်းလို့။ ရုံးခန်းထဲကနေ ပြန်ပေးမထွက်ဘူး ထမင်းစားပေးမပြန်ဘူးပေါ့ အဲဒီတစ်နေ့စာလုပ်ခလည်း သူတို့ ဖြတ်မယ်လို့ပြောတယ်"

Jaguar Steel စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားလက်မှတ်အပါအ၀င် ယာယီပတ်စ်ပို့တွေပါ လုပ်ဆောင်ထားတဲ့ ထိုင်းဥပဒေအရ ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ခွင့်ရှိသူတွေဖြစ်သလို အဲဒီလက်မှတ်တွေ လုပ်ဆောင်ရလို့ ကုန်ကျငွေကို စက်ရုံက ၁၅ ရက်တစ်ပတ်ငွေရှင်းတဲ့အခါ ဘတ်ငွေ ၂၀၀ နဲ့ အဆောင်နေခ တစ်နေ့ကို ၄၅ ဘတ် အပါအ၀င် အလုပ်သမားဖူလုံရေးကြေး စတာတွေကို ပေးဆောင်နေရလို့ အလုပ်ဆင်းရက်နည်းရင် ၀င်ငွေနည်းပြီး စားဝတ်နေရေးအခက်တွေ့မှာကို စိုးရိမ်တဲ့အတွက် တိုင်ကြားတာလို့သိရပါတယ်

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်