FED အဖွဲ့ရဲ့အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ရေဘေးဒုက္ခသည်တွေကို သွားရောက် အကူအညီ ပေးခဲ့ပုံကို ပြောပြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မနက်လင်းအားကြီးအချိန်မှာ တောင်ကျရေတွေကြောင့် ရေကြီးခဲ့ပြီး ရာဘာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်တွေ ရေနစ်ကုန်ကြောင်း၊ ဒါကြောင့် သူတို့ လိုအပ်တဲ့ အစားအစာ အသုံးအဆောင်များကို ကူညီပေးခဲ့ကြောင်း ပြောပါတယ်။ ရေကြီးပြီး ကား ဆိုင်ကယ်များ မဖြတ်ကူးနိုင်တဲ့ နေရာတွေမှာ ရေကူးပြီး အစားအစာ သွားပေးခဲ့ရကြောင်း၊ တခြားလိုအပ်နေတဲ့ ဖျာ၊ စောင် စတဲ့ အသုံးအဆောင်တွေကိုလည်း မနေ့က သွားရောက် ပေးခဲ့ကြောင်း သူက ပြောပါတယ်။ ရော်ဘာခြံ အလုပ်သမား တဦးဖြစ်တဲ့ ကိုခင်မောင်စိုးကလည်း သူတို့ တွေ့ကြုံနေရတဲ့ ရေကြီးပုံ အခြေအနေကို ပြောပြပါတယ်။ "ကျနော့်အိမ်မှာဆိုရင် ဒူးခေါင်းမြုပ်နေပြီ။ အခုထိ လူတွေက ကောင်းကောင်း မအိပ်ရသေးဘူး။ ပြေးကြလွှားကြနဲ့ ပစ္စည်းတွေကလည်း ဖရိုဖရဲ ဖြစ်ကုန်ပြီ။ အိပ်စရာနေရာမရှိတော့ တန်းထိုးပြီးတော့ အပေါ်မှာ တက်နေရတယ်။" ရေဘေးဒုက္ခ ကြုံနေရသူတွေမှာ ရာသီဥတုကြောင့် ဖျားနာ ကြတာကလွဲလို့ အသေအပျောက် မရှိဘူးလို့သိရပါတယ်။ အဲဒီ ဖန်ငါ့ ဒေသဟာ ၂၀၀၄ ခုနှစ် တုန်းကလည်း ဆူနာမီလှိုင်းဒဏ်ခံခဲ့တဲ့ဒေသ ဖြစ်ပါတယ်။