ရာသီဥတုဆိုးဝါးတဲ့အတွက် လှေနစ်မြုပ်ပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၁၂ ဦးရဲ့ အလောင်းတွေကို ထိုင်းနိုင်ငံ ရနောင်းမြို့အနောက်ဖက် ပင်လယ်ပြင်မှာ တွေ့ရှိထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
စနေနေ့မနက်ခင်းက ရာသီဥတုဆိုးဝါးတဲ့အတွက် လှေနစ်မြုပ်ခဲ့တာဖြစ်ပြီး ဒီအထဲကအမျိုးသမီး ၃ ဦးရဲ့ အလောင်းတွေကို စနေနေ့ညနေခင်းက ဆယ်ယူနိုင်ခဲ့ကြောင်း၊ နောက်ထပ် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၃ ဦးအလောင်းတွေကို တနင်္ဂနွေနေ့က ဆယ်ယူရရှိခဲ့ကြောင်း ရနောင်းခရိုင် ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
လှေနစ်မြုပ်ခဲ့လို့ ရေမှာမျှော်နေတဲ့ အသက်ရှင်နေသေးသူ ၃၈ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကော့သောင်းခရိုင်ဖက်ခြမ်းက အလုပ်သမားတွေဟာ အခုလိုပဲ ထိုင်းနိုင်ငံရနောင်းဖက်ကို တရားမဝင်လှေတွေနဲ့ ဝင်ရောက်ကြတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှုတွေပါလို့လည်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။