နေ့သစ် မြန်မာစာသင်ကျောင်းက ပထမတန်းနဲ့ ဒုတိယတန်း ကျောင်းသား ကျောင်းသူ ၆၆ ဦးအတွက် iPad Tablet ကွန်ပြူတာ ၆၆ လုံးနဲ့ စီဒီစီ ကျောင်းက ပထမတန်းကျောင်း သူကျောင်းသား ၃၀ အတွက် iPad Tablet ကွန်ပြူတာအလုံး ၃၀ ကို ထိုင်းပညာရေး ဝန်ကြီးဌာနလက်အောက်ခံ ထဟန်ကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့ တာဝန်ရှိသူတွေက လာရောက်ပေးအပ်တာဖြစ်ပါတယ်။
မြန်မာစာသင်ကျောင်းက ကလေးတွေကို အခုလို iPad Tablet ကွန်ပြူတာ တစ်ယောက်တစ်လုံး ပေးတာဟာ ထိုင်းအစိုးရရဲ့ ပညာရေးမူဝါဒအရ ပေးတာလို့ ထဟန်ထိုင်းအစိုးရကျောင်းက ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
စီဒီစီနဲ့ နေ့သစ်ကျောင်းတွေက ကလေးတွေကို ထိုင်းအစိုးရကျောင်းဖြစ်တဲ့ ထဟန်ကျောင်းမှာ တက်ရောက် ပညာသင်ကြားနိုင်ရေးအစီအစဉ် ချိတ်ဆက်လုပ်ဆောင်ထားတယ်။ အဲဒီအပေါ်မှာ လက်ရှိထိုင်းအစိုးရရဲ့ ပညာရေးမူဝါဒက iPad Tablet ကွန်ပြူတာ တစ်ယောက်တစ်လုံးစီ ပေးတဲ့ မူဝါဒရှိပါတယ်။ အဲဒီမူဝါဒဟာ ထိုင်းကျောင်းနဲ့ ချိတ်ဆက် ပညာသင်ကြားမယ့် မြန်မာကျောင်းက ကလေးတွေပါ အကြုံးဝင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ပညာရေး အထောက်အကူဖြစ်ဖို့ ပေးတာပါလို့ ပြောဆိုသွားတာဖြစ်ပါတယ်။
iPad Tablet ကွန်ပြူတာတွေ သုံးပြီး ပညာသင်ကြားနိုင်တဲ့အတွက် ကလေးငယ်တွေ အသိဥာဏ် ဖွံ့ဖြိုးမှု ပိုအားကောင်းလာနိုင်ကြောင်း စီဒီစီအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီး မန်းရွှေနှင်းက ပြောပါတယ်။
"ကလေးတွေ ဒီiPad အသုံးပြုခြင်းအားဖြင့် ဘာတွေအကျိုးကျေးဇူးရနိုင်မလဲ အင်္ဂလိပ်လိုပါတယ် ထိုင်းလိုလဲပါတယ် ဘာသာရပ် (၈) ခုပါတယ်။ အလွယ်တကူကလေးတွေအနေနဲ့ ဘာသာရပ်တွေကို သင်ကြားတဲ့အခါမှာ လေ့လာလို့လွယ်တယ်။ သီးချင်စာသားတွေလည်း ပါတယ်။ အရုပ်တွေလည်း ပါတဲ့အတွက် ကလေးတွေ အသိဥာဏ် ဖွံ့ဖြိုးမှု ပိုပြီးတော့ အားကောင်းမယ် လို့ ကျနော်တို့ မျှော်လင့်တာပေါ့"
iPad tablet ကွန်ပြူတာရရှိတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ ဝမ်းသာကြောင်းအခုလို ပြောပါတယ်။
"Tablet ထဲမှာပဲ အဆင့်မြင့်မြင့်နဲ့ပေါ့နော် သူတို့အလွယ်တကူ ရေးဖတ်ကျက်မှတ်လို့ရလာတဲ့ အတွက် ပညာရေးနဲ့ပတ်သက်လို့ ကလေးတွေအတွက် ပိုပြီးတော့ တိုးတက်မြင့်မားလာပါတယ်လို့ ယုံကြည်ထားပါတယ်။ အဲဒီအတွက် အထူးပဲကျေးဇူးတင်ပါတယ်။ အထူးလည်း ဝမ်းသာပါတယ်"
iPad Tablet ကွန်ပြူတာရရှိတဲ့ ကလေးငယ်တွေရဲ့ မိဘတွေကိုပါ ကွန်ပြူတာသုံးတတ်အောင် ဆရာတွေက နည်းပညာ သင်ပြပေးသွားမယ်လို့ သိရပါတယ်။