ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက် မှာ ကျသွားတယ်လို့ ရွာသားများပြော


2014.09.29
htoo-foundation-helicopter-305 ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ရှာဖွေရင်း နဲ့ ပျောက်ဆုံးနေတဲ့ ထူးဖောင်ဒေရှင်းက ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ပုံ
Photo: Htoo Foundation

ခါကာဘိုရာဇီတောင်ထိပ်မှာ ပျောက်ဆုံးနေ တဲ့ တောင်တက်သမားနှစ်ဦးအတွက်  ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေရင်း အဆက် အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားတဲ့  ထိုင်းနိုင်ငံက  B4 အမျိူးအစားရဟတ်ယာဉ် ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာတွေ့ရတယ်လို့ ရွာခံတစ်ဦးက သတင်းပေး တာကြောင့် ဂါတုရွာအနီး ရှာဖွေရေးလုပ်နေပြီလို့  ထူးဖောင်ဒေးရှင်းက RFA ကို ပြောပါတယ်။

ပျောက်နေတဲ့ ရဟတ်ယဉ်ကို ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်တွေအပြင် စစ်တပ်နဲ့အတူ ဒေသခံတွေနဲ့ပါ ပူးပေါင်းရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"ပြီးခဲ့တဲ့ မွန်းလွဲ ၃ နာရီခွဲလောက်က နောင်မွန်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ပူတာအိုကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်၊ အဲဒီ့နော်မွန်းမြို့နယ်အတွင်းမှာရှိတဲ့  ဂါတုရွာ ရွာသူတစ်ယောက် ကနေပြီးတော့မှ လက်ရှိ သတင်းဆက်သွယ်မှု ပြတ်တောက်နေတဲ့ B4 ရဟတ်ယာဉ် အမျိုးအစားကို အဲဒီ့ကျေးရွာအနီးမှာ ထိုးကျသွားတာတွေ့ရတယ်လို့ ကျနော်တို့ဆီ သတင်းရရှိပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့ဖက်ကလည်း ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့ ကျနော်တို့ဆီက B3 ရဟတ်ယာဉ် အမျိုးအစား ၂ စီးနဲ့ နောက်ပြီးတော့ စစ်ဖက် နယ်ဖက်ကနေရာ တပ်မတော်သားတွေရော ပူးပေါင်းပြီးတော့မှ ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်၊ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့သတင်း မရပါဘူးခင်ဗျ"

ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇  စနေနေ့ နေ့လယ်က ကူညီကယ်ဆယ်ရေးအဖွဲ့ရှိရာ တဟွန်ဒန်းရွာကိုအသွား ပျံသန်းချိန် မိနစ် ၂၀ လောက်အကြာမှာပဲ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေ တာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာတော့  ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်ဖြစ်သလို ကျွမ်းကျင်တောင် တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူလည်းဖြစ်သူ ဦးရွှေရင်တော်ကြီးတို့  ၃ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ဒါ့အပြင် လည်း ပျောက်ဆုံးတောင်တက်သမား ၂ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရှာဖွေတွေရှိ တဲ့ တောင်တက်သမားတွေရဲ့ အိတ်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ လွဲပြောင်းပေးအပ်လိုက်ပြီ လို့လည်း ကိုဖြိူးကိုကိုသက်က ပြောပါတယ်၊

"လက်ရှိကတော့ မနေ့က ပေ ၁၆ဝဝ အမြင့်မှာ အိတ်တစ်လုံး၊ နောက် ပေ ၁၇ဝဝ အထက်မှာ အပြာရောင်အိတ် တစ်လုံးကို အဓိကတော့ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးရဲ့ တောင်တက်ပစ္စည်းတချို့နဲ့ ကျနော်တို့ အိတ် ၂ လုံးကို တွေ့ရှိထားပါတယ်၊ ပူတာအိုမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျနော်တို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့ အပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် တစ်လနီးပါး  ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။