ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

2012.04.28
gas_fields_PTTEP_305_Z မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ (RFA Map)
(RFA Map)

မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃ လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်းမပြည့်သေးခင် တစ်လအလိုမှာ ကန်ထရိုက် ယူလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီကနေ မြန်မာအလုပ်သမား ထက်ဝက်ခန့်ကို မနေ့ကစပြီး အလုပ်ဖြုတ်လိုက်တဲ့ အတွက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၅၀ နီးပါးက နစ်နာကြေး ရရှိဖို့ ဒီကနေ့ မနက် ၇ နာရီမှာ ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက် ပေးနေတဲ့ ဦးခင်စိုး က အာအက်ဖ်အေ ကို ပြောပါတယ်။

"PTTEPI ကုမ္ပဏီ ကနေပြီးတော့ CPP တရုတ်ကုမ္ပဏီကို ကန်ထရိုက်ပေးထားတယ်၊ အဲ့ဒီ CPP တရုတ်ကုမ္ပဏီ ကနေပြီးတော့ အလုပ်သမားတွေကို အမှန်ဆိုရင် ၅ လပိုင်း ကုန်တော့မှ အလုပ်သိမ်းမှာ၊ အလုပ်သမားတွေ ကြိုပြီးလည်း မပြောဘဲနဲ့ သူတို့ စာချုပ်သက်တမ်း မကုန်ခင်မှာ သူတို့ နစ်နာကြေးလည်းမရဘဲနဲ့ ရုတ်တရက်ကြီး အလုပ်ဖြုတ်ခံရတယ်ဆိုတော့ မကျေနပ်လို့ ဒီမနက် အဲ့ဒီ ကုမ္ပဏီရှေ့မှာ ဆန္ဒပြမှုဖြစ်တာ။"

ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း လုပ်ကိုင်နေတဲ့ ဒီကုမ္ပဏီမှာ တရုတ်နိုင်ငံသား အလုပ်သမား ၂၀၀ ခန့်နဲ့ မြန်မာအလုပ်သမား ၁၃၀ ကျော် လုပ်ကိုင်နေကြတဲ့ထဲက မြန်မာအလုပ်သမား ၇၈ ဦးကို အလုပ်ဖြုတ်လိုက်တာလို့ ဆိုပါတယ်။

မကြာခင် မိုးရာသီရောက်မှာ ဖြစ်တဲ့အတွက် စီမံကိန်း ခေတ္တ ရပ်နားထားပြီး လာမည့်နှစ် နွေရာသီ လုပ်ငန်းပြန်လည် စတင်ချိန်မှ ဒီအလုပ်သမားတွေကို ပြန်ခေါ်ယူ လုပ်ကိုင်မယ်လို့ ကုမ္ပဏီက အကြောင်းပြ ပြောဆိုပြီး အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်လို့ ဦးခင်စိုးက ပြောပါတယ်။

ဆန္ဒပြပြီး မနက် ၁၀ နာရီခန့်မှာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းက အရာရှိတွေ ရောက်လာပြီး ညှိနှိုင်းပေးလို့ ဆန္ဒပြမှု ရပ်လိုက်ပေမယ့် ဒီကနေ့ ညနေအထိ ကုမ္ပဏီက တုန့်ပြန်လာတာ မရှိဘဲ ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။

"ကျနော်တို့ဆီမှာက ထားဝယ်မြို့နဲ့ တိုင်းရုံးနဲ့ အလှမ်းဝေးတယ် ဆိုတော့ ဒီမှာက အလုပ်သမားရေးရာတွေ ဘာတွေက ဖြေရှင်းမည့်လူတော့ မရှိဘူးအကို။ ဒါပေမယ့် မြန်မာ့ရေနံ သဘာဝဓါတ်ငွေ့က အရာရှိတွေနဲ့ ကုမ္ပဏီနဲ့ ကြားပြောပြီးတော့ အခုတော့ နောက် ဖြေရှင်းပေးပါ့မယ်။ ဘာညာတွေ ပြောတာပေါ့၊ ရဲစခန်းမှူးတွေ ဘာတွေလည်း သူတို့ ရောက်လာပြီးတော့ ဆူဆူပူပူ ဖြစ်မှာစိုးလို့ ဆန္ဒပြနေတဲ့လူတွေကို သူတို့က နည်းနည်း ငြိမ်ငြိမ်သက်သက်နဲ့ ဆွေးနွေးကြဖို့ကိုပဲ လာညှိနှိုင်းပေးသွားတာပဲ ရှိတယ်။ နောက်ဆုံး အခြေအနေကတော့ အလုပ်သမားတွေ ဘာမှလည်း မသိရသေးဘူး၊"

ဒီဓါတ်ငွေ့ပိုက်လိုင်းဟာ မြန်မာ့ရေနံနဲ့သဘာ၀ ဓါတ်ငွေ့လုပ်ငန်းနဲ့ PTTEP တို့ ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို သွယ်တန်းမည့် ဓါတ်ငွေ့ပိုက်လိုင်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။