ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ အကောင် အထည်ဖေါ်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန် စီမံ ကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရတဲ့ အိမ်ထောင်စု ၆ဝကျော်ဟာ နေရာ အသစ် မှာ ပြန်လည်နေရာချ ထားပေးဖို့ ဂျပန် နိုင်ငံတကာကော်ပိုရေးရှင်း အေဂျင်စီ JICA နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း သီလဝါလူမှုဘဝ ဖံ့ွဖြိုးတိုးတက်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
လက်ရှိပြောင်းရွှေ့ပေးတဲ့နေရာဟာ သွားလာရခက်ခဲပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ဖို့ အဆင်မပြေ တာကြောင့် JICA အဖွဲ့က တာဝန်ရှိသူတွေ နဲ့ ဆွေးနွေး လိုကြောင်း ပြောင်းရွှေ့ သူတွေကို ကိုယ်စားပြု တဲ့ သီလဝါ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးမြလှိုင် က ပြောပါတယ်။
"လူတွေကိုတော့ဟိုကို ပြောင်းရွှေ့ပေးလိုက်ပြီးပြီ၊ နောက်တစ်ခါ ဒီလူတွေရဲ့အလုပ်အကိုင်အခွင့် အလမ်းတွေကလည်း ဆုံးရှှုံးသွားတယ်၊ မိသားစုတွေရဲ့ စားဝတ်နေရးတွေ အခတ်အခဲဖြစ်တယ်၊ ခရီးလမ်းပန်း ဆက်သွယ်ရေးတွေက လည်းဝေးတယ်၊ နောက်တခါကျတော့ ကျောင်းသားတွေတောင် မှ ကျောင်းထုတ်လိုက်ရတယ်၊ အိမ်တွေဆိုလည်း ပေါင်တဲ့အိမ်ကပေါင်ရ ရောင်းတဲ့အိမ်ကရောင်းရ အဲ့လိုဖြစ်နေတဲ့ အချိန်တွေမှာ ဒါတွေဟာ အဆင်ပြေမှှုမရှိတော့ဘူး၊ ဒီလိုအခြေအနေတွေဖြစ်နေတဲ့အတွက် ဒါကြောင့်မို့လို့ ထပ်မံပြီးတော သူတို့နဲ့ တွေ့ဆုံချင်တဲ့ အခြေအနေကြောင့်မို့လို့ အခုလို ထပ်မံဖိတ်ကြားလိုက်ခြင်းဖြစ်တယ်"
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှာ သီလဝါ အထူးစီးပွားရေးဇုန်နဲ့ မလွတ်လို့ဆိုပြီး အိမ်ထောင်စု ၆ဝ ကျော် ကို ကျောက်တန်းမြို့နားက မြိုင်သာယာရွာကို ပြောင်းရွေ့ပေးခဲ့ပါတယ်။ အဲ့ဒီအထူးစီးပွားရေး ဇုန်ကို ဂျပန်အစိုးရက အဓိက တာဝန်ယူ အကောင်အထည်ဖေါ်နေတာဖြစ်ပြီး အခု မိသားစု ၆ဝ ကျော် ကို မြေလျော်ကြေး ပေးထားပြီးသားဖြစ် သလို အိမ်တွေလည်း ဆောက်လုပ်ပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက JICA အဖွဲ့က တာဝန်ရှိသူတွေနဲ့ သီလဝါ လူမှုစီးပွားဖံ့ွဖြိုး တိုးတက်ရေးအဖွဲ့တို့ တေ့ွဆုံခဲ့ရာမှာ လက်ရှိနေထိုင်ရတဲ့အခက်အခဲကို တင်ပြခဲ့ပြီး ဖြစ်သလို ၃ ကြိမ်တိုင် စာရေးသားပေး ပို့ခဲ့တယ်လို့လည်း သိရပါတယ်။