လယ်သမားအရေး ဆောင်ရွက်သူ ကိုသန့်ဇင်ထက်နဲ့ ၁၇ ဦး ပြန်လွတ်


2016.04.22

တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲခံခဲ့ရတဲ့ လယ်သမားအရေးဆောင်ရွက်သူ ကိုသန့်ဇင်ထက်နဲ့ ၁၇ ဦးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တရားရုံးက သူတို့ရဲ့အမှုတွေကို ရုပ်သိမ်းပေးလိုက်တဲ့အတွက် ၁၈ ယောက် လွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီအမှုတွေဟာ တစ်နှစ်ခွဲကျော်ကြာတဲ့အထိ တရားရုံးမတင်ရသေးတဲ့ အမှုတွေဖြစ်ပြီး မနေ့က ပြည်မြို့နယ် တရားရုံးက ရုပ်သိမ်းလိုက်တာလို့ လွတ်မြောက်လာသူ ကိုသန့်ဇင်ထက်က ပြောပါတယ်။

"မနေ့က ကိုပါကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ ပြည်မြို့မှာ ဆန္ဒ ထုတ်ဖော်ကြတယ်ဆိုပြီး ကျနော်တို့တွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်၊ အဲ့ဒီအမှုက ရုံးချိန်းမတင်ဘူး၊ ဒါပေမဲ့ မနေ့ကပြန်ပြီးတော့ အမှုကိုရုပ်သိမ်းပေးလိုက်တယ်ပေါ့၊ ဒီအမှု ကျနော်တို့ကို ရုံးချိန်းမတင်ရသေး ဘူးလေ၊ ရဲစခန်းကနေ တရားရုံးကို တင်ကိုမတင်ရသေးတဲ့အမှုဗျ အဲ့ဒီအမှုက၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာတဲ့နောက်ပိုင်းအထိ အကြံပြုစာအရ ဒီပုဒ်မ ၁၈ တို့ ၅ဝ၅ (ခ) တွေကို ပြန်လည်ရုပ်သိမ်း တယ်ပေါ့၊ ဒီအတွက် ကျနော်တို့ ပြန်လည်းပြီးတော့ အမှုရုပ်သိမ်းခံရတယ်လို့ပဲ ကျနော်တို့ မြင်ပါ တယ်ပေါ့နော်"

ကိုသန့်ဇင်ထက်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးတို့ဟာ ပြီးခဲ့တဲ့နှစ်က ကိုပါကြီးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ပြည်မြို့မှာ ဆန္ဒပြခဲ့တဲ့အမှုအပြင် လယ်ယာမြေပြဿနာဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့တာတွေကြောင့် ပုဒ်မ ၁၈ အမှု နှစ်ခုတို့နဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားချက်အရ တရားရုံးတွေမှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့အမှုတွေ ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ညွှန်ကြားချက်ထွက်လာပြီးနောက် အခုလို ပြန်လည်ရုပ်သိမ်းပေးနေတာဖြစ်ပါတယ်။

ကိုသန့်ဇင်ထက်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက လယ်ယာမြေပြဿနာတွေဖြေရှင်းပေးဖို့ ဆန္ဒပြ တောင်းဆို ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ သဲကုန်းအကျဉ်းထောင်မှာ ထောင် ၆ လ ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ကိုသန့်ဇင်ထက်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။