အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ကျောင်းကုန်းဘက်မှာတော့ ကယ်ဆယ်ရေးစခန်း ၁၄ ခုလောက်ဖွင့်တယ် ပြောတယ်။ ဒီမှာတော့ လုံးဝ ကယ်ဆယ်ရေးစခန်း မရှိဘူး။ အခုဆိုရင် ရေမြှုပ်နေတဲ့ ရက်က ၁၂ ရက်လောက် ရှိသွားပြီ။ တချို့က အနီးကပ်အိမ်တွေမှာ နှစ်မိသားစု ပေါင်းပြီးတော့ နေတယ်။ အိမ်ထုတ်တွေပေါ်မှာလေ ဝါးလေးတွေနဲ့ အတော်အတန် ခဏအိပ်လို့ရအောင် ထိုင်လို့ရအောင် ဒီနည်းနဲ့ နေနေရတယ်။ အစားအသောက်ကတော့ ဒုက္ခရောက်နေတယ်။ အစားအသောက်တင် မကဘူး၊ ကျန်းမာရေးဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်နေကြတယ်။ တုတ်ကွေးတွေ ဝင်နေတယ်။ မိုးတွေကများတယ်။ ရေတွေနဲ့ အနီးကပ်ရေထဲမှာ နေနေရတော့။ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရောက်ဘူး။ ဘယ်လို ကယ်ဆယ်ရေးမျိုးမှ မရောက်ဘူး။ ဘယ်လို ထောက်ပံ့မှုမျိုးမှ မရောက်သေးဘူး။ ဘုန်းတော်ကြီးကျောင်းတွေတောင်မှ အတော်များများ မြှုပ်နေကြပြီ။ ညကတောင်မှ ၄ လက်မလောက် တက်သေးတယ်။ လေတွေ၊ လှိုင်းတွေ ထန်နေတဲ့ ဒဏ်တွေကလည်း အတော်များနေတယ်"
သာပေါင်းမြို့နယ်အတွင်း လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်ကတုန်းကလည်း ဆိုးဆိုးဝါးဝါး ရေနစ်မြုပ်တာမျိုးကြုံတွေ့ခဲ့ ရပေမယ့် အခုနှစ်လောက် စားရေးသောက်ရေး အခက်အခဲ မကြုံခဲ့ရဘူးလို့ တောင်သူတွေက ပြောပါတယ်။ လယ်ယာမြေဧက (၅၀၀၀) ကျော်ပါ ရေလွှမ်းမိုး ခံရတာကြောင့် စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်ဆီးသွားပြီလို့ တောင်သူတွေက ပြောပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာလည်း ရေဘေး ကြုံတွေ့နေရပြီး လေပြင်းဒဏ်ကြောင့် နေအိမ်တွေ ပြိုလဲမှုရှိခဲ့သလို မြွေဆိုး အန္တရာယ်တွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အတ္ထရံမြစ်ရေ လျှံတက်မှုကြောင့် နိဒုံ ကျေးရွာမှာ စိုက်ပျိုးထားတဲ့ လယ်မြေဧက တစ်ထောင်လောက် ရေအောက်မှာ နစ်မြှုပ်နေတာ သီတင်းနှစ်ပတ် ရှိသွားပြီလို့ သိရပါတယ်။ လယ်ကွင်းပြင်တွေမှာ အမြင့် ၅ ပေလောက် ရေလွှမ်းမိုးနေပြီး လာမယ့် သီတင်းပတ်အတွင်း ရေပြန်မကျရင် စပါးပင်တွေအားလုံး ပျက်စီးကုန်မှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
