သာသနာ့ဂုဏ်ရည် ဆရာတော် ပျံလွန်တော်မူပြီ

နိုင်ငံရေးအကျဉ်းသားဟောင်း သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ဆရာတော် ဦးဇဝနဟာ မနေ့က ကင်ဆာရောဂါနဲ့ ပျံလွန်တော်မူသွားတယ်လို့ သတင်းရရှိပါတယ်။

2011.07.12

ဆရာတော်ဟာ ၁၉၉၀ ခုနှစ်က စစ်အစိုးရကို ပတ္တနိတ္ကုဇန သပိတ်မှောက် ကံဆောင်မှုနဲ့ ထောင်ချခံရဖူးသလို၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အင်အားစုတွေကို ၈ လေးလုံး အောက်မေ့ဖွယ် အထိမ်းအမှတ်တွေ၊ နိုင်ငံရေးဆိုင်ရာ ဆွမ်းကျွေးပွဲတွေ ပြုလုပ်တာကို ဆရာတော့်ကျောင်းမှာ အမြဲလက်ခံ ကျင်းပခွင့်ပြုခဲ့ပြီးနောက်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးဆုံးချိန်ကနေ အခုချိန်ထိ သက်ဆိုင်ရာက ကျောင်းတိုက်ကို ချိပ်ပိတ်ထားခဲ့ပါတယ်။

အခုလို ဆရာတော်ပျံလွန်တော်မူသွားတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဝမ်းနည်းကြေကွဲရ ကြောင်း NLD ဒုဥက္ကဌ ဦးတင်ဦးက RFA ကိုပြောပါတယ်။

"ဒီမိုကရေစီ ဆရာတော်လို့ပဲ ပြောရမှာပေါ့ဗျာ။ ကျနော်တို့အဖွဲ့ဝင်တွေတင် မဟုတ်ဘူး၊ တခြားဒီမိုကရေစီ အင်အားစုအားလုံး၊ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ စသဖြင့်ပေါ့ဗျာ ကျင်းပတဲ့အခါမှာလည်း ဆရာတော်က ဆွမ်းအလှူပြုတာတွေ ရှိခဲ့ပါတယ်။ ရွှေဝါရောင်အရေးအခင်းမှာ တော့်တော့်ကို တက်တက်ကြွကြွ ဦးဆောင်လုပ်ခဲ့တဲ့ ကိုယ်တော်လို့ပဲ ကျနော်နားလည်ပါတယ်။ အကျဉ်းကျသွားတဲ့အခါမှာလည်းပဲ သူ့ရဲ့ကျောင်းကို ရှာဖွေတာလုပ်ပြီး ချိပ်ပိတ်တယ်။ ချိပ်ပိတ်လိုက်တော့ ဆရာတော်က အဲဒီကျောင်းမှာ သတင်းမသုံးနိုင်ဘူး။ တခြားကျောင်းတွေမှာလည်း သတင်းသုံးခွင့်မရဘူး။ အဲဒီတော့ ဒါယကာ ဒါယိကာမတွေက ကျောင်းရဲ့ခြံတပိုင်းမှာ အကာအရံလေးနဲ့ သတင်းသုံးဖို့ အခန်းလေးတခုဖွဲ့ပေးထားတယ်။ ကျနော်တို့က အဲဒီအခန်းလေးထဲမှာပဲ သွားကန်တော့ရပါတယ်ခင်ဗျ။"

ဆရာတော် ပျံလွန်တော်မမူခင် နှစ်ကာလတွေမှာ အတော်လေးချို့ချို့တဲ့တဲ့ သတင်းသုံးနေထိုင် သွားရတယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။ ဆရာတော့် အန္တိမဈာပနကို ၁၄ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး NLD ပါတီက ကူညီပံ့ပိုးနေတယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၇၃၊ ဝါတော် ၅၃ ဝါ ရှိနေပြီလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။