အခုလို လုပ်ရတာဟာ နာမည်ကြီး ‘နှင်းဆီသခင်’ အငြိမ့် အပါအဝင် ဖျော်ဖြေပွဲတွေမှာ လူရွင်တော်တွေက အစိုးရနဲ ဌာနဆိုင်ရာကို ပုတ်ခတ်တဲ့ ပရိသတ်အကြိုက် ပြက်လုံးထုတ် ပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အနုပညာဆိုတာ သူ့အလိုအလျောက် ဖြစ်လာတာမို့ ဒီလို အမိန့်ထုတ်တာဟာ သဘာဝ မကျဘူးလို့ ရန်ကုန်မြို့က အနုပညာရှင်တဦးက ပြောပါတယ်။
“အနုပညာသမား ဆိုတာက သင်ထားတဲ့အတိုင်း ၏၊ သည်၊ ၍ မလွဲ ပြန်ပြောတာမျိုးမှ မဟုတ်တာ။ ရုပ်ရှင်ရိုက်တာနဲ့ မတူဘူးလေ။ စင်ပေါ်မှာ ဝင်လာတဲ့ လမိုင်းအတိုင်း သွားတာလေ။ အဲလို ရှေ့ကနေ တခေါက် ကပြ၊ အဲဒီအတိုင်းပဲ ပြန်ကရမယ်ဆိုပြီး သတ်မှတ်တယ်၊ ရုပ်ရှင်အစည်းအရုံးက ထုတ်တယ်ဆိုတာ အံ့သြစရာကြီး။ အဲဒီလို လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာဗျာ”
မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ အငြိမ့်ဖျော်ဖြေပွဲ ကပြသူတွေအနေနဲ့ ဒီလို ဝတ်စုံပြည့် မကပြရင် ပွဲမိန့်ထုတ်ပေးမှာ မဟုတ်တဲ့အပြင် အငြိမ့် ဗီဒီယိုခွေ ရိုက်ကူးသူတွေကိုလည်း ဆင်ဆာခွင့်ပြုမှာ မဟုတ်ဘူးလို့ ပါရှိပါတယ်။