The Elders ခေါ်ကမ္ဘာ့ထင်ရှားတဲ့ပုဂ္ဂိုလ်များ အဖွဲ့ရဲ့အဖွဲ့ဝင် ၄ ဦး မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ လာရောက်ကြမယ်လို့ အဲ့ဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့လက်ရှိအခြေအနေတွေကိုဆွေးနွေးဖို့အတွက် ဒီနေ့ သောကြာနေ့မှာ ထိုင်းနဲ့ မြန်မာနိုင်ငံကို တစ်ပတ် ကြာ ခရီးစတင်မှာဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ The Elders အဖွဲ့ရဲ့ တတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ် ပါတယ်။
The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ Gro Harlem Brundtland ဦးဆောင်ပြီး ဖင်လန် သမ္မတဟောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari ၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်း လည်းဖြစ် ၊ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်သူ Lakhdar Brahimi၊ ပါကစ္စတန်နိုင်ငံ က နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူ Hina Jilani တို့ ပါဝင်တဲ့အဖွဲ့ လာရောက်ကြမှာဖြစ်ပါတယ်။
The Elders ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
The Elders အဖွဲ့ဟာ ရန်ကုန်မြို့မှာ နိုင်ငံရေးရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှာဖြစ် သလို၊ နေပြည်တော်မှာလဲ မြန်မာအစိုးရ အဖွဲ့ဝင်တွေ၊ တပ်မတော်ခေါင်းဆာင်တွေ၊ လွှတ်တော်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ခရီးစဉ်နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။
