သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြု ပြောကြားပါတယ်။

"၉ နာရီမှာ တွေ့တာ သေချာတယ်။ ဟိုတခါတုန်းက တိုင်းရင်းသားတွေနဲ့ တွေ့ခဲ့တဲ့ နေရာမှာ တွေ့တာပါ။ ဟိုဘက်ကပဲ သတင်းထုတ်ပါလိမ့်မယ်။"

ဒီကနေ့ တွေ့ဆုံမှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ မတူတာတွေ ဘေးဖယ်ပြီး၊ နိုင်ငံနဲ့ လူမျိုးအတွက် တူညီတာတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦးက RFA ကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လက တစ်ကြိမ်၊ အခုနှစ် ဧပြီလက တစ်ကြိမ် နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း နိုင်ငံရေးပါတီ အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး များမကြာခင် မှာလည်း ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဆက်လက် တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။