မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနဲ့ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်မှာ လာမယ့်မေလ ၂ဝ ရက်နေ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနဲ့ တခြားထိပ်တန်းခေါင်းဆောင်တွေ လိုက်ပါမှာဖြစ်ပြီး၊ မေလ ၁၈ ရက် သို့မဟုတ် ၁၉ ရက်နေ့ ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိတဲ့အခါ ခရီးရောက်မဆိုက် အဲဒီနေ့မှာပဲ အမေရိကန်ပြည်ထောင် စု မှာနေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲ ကျင်းပမယ်လို့ သံရုံးအသိုင်းအဝန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုမှာ ၃ ရက် သို့မဟုတ် ၄ ရက်ကြာ နေထိုင်စဉ်အတွင်း မြန်မာအများစုနေထိုင်ရာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ကို သွားရောက်လည်ပတ်ဖို့ လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။
၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ နှစ်ဖက်စလုံးက ရက်ပိုင်းအတွင်း အသေးစိတ် ထုတ်ပြန်ကြေညာမယ်လို့ သတင်းရပါတယ်။
