မနက်ဖြန် နေ့လည် ၂ နာရီမှာ လူထုကို မိန့်ခွန်းပြောကြားဖို့ရှိကြောင်း နေပြည်တော်ကို ရောက်ရှိ နေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲအတွက် အစိုးရရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက ဖိတ်စာတွေကို ဒီကနေ့ အရေးပေါ် ဝေငှခဲ့ကြောင်း သိရပါတယ်။ သမ္မတအနေနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စတွေကို အဓိကထား ပြောကြား ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။ "တချို့လူကြီးတွေ အခု သွားနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို ရှေ့ဆက် လုပ်ဆောင်ရမှာ တွေကို ဆွေးနွေးတာလို့ ထင်ပါတယ်။ အဲဒီအတွက်လို့ပဲ ကျနော်ကြားပါတယ်" ဒီတွေ့ဆုံပွဲကို ဖိတ်ကြား ထားသူတွေထဲမှာ ရန်ကုန်မြို့က နာရေးကူညီမှု အသင်းခေါင်းဆောင် ရုပ်ရှင်မင်းသား ဦးကျော်သူ နဲ့ မင်္ဂလာမြန်မာ လူမှုကူညီရေးအသင်း ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းတို့ လည်းပါဝင်ကြောင်း သိရပါတယ်။