ခေတ်မီ မျိုးချစ်တပ်မတော် ထူထောင်ရေး သမ္မတ ပြောဆို

အင်အားကြီးနိုင်ငံတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ ကျင့်သုံးတတ်တဲ့အပေါ် သတိပြုကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ဖေါ်ပြထားပါတယ်။

2012.02.13

နိုင်ငံတစ်နိုင်ငံမှာ ကာကွယ်ရေး အားနည်းရင် အင်အားကြီးနိုင်ငံတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ နဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ ဒါကြောင့် စွမ်းရည်ပြည့်ဝတဲ့ ခေတ်မီ မျိုးချစ်တပ်မတော် ထူထောင်ရေးမှာ အားလုံး လက်တွဲပါဝင်ကြဖို့လိုအပ်ကြောင်း သမ္မတ ကပြောဆို လိုက်ပါတယ်။

နိုင်ငံတော် ဘတ်ဂျက် ရသုံးခန့်မှန်းခြေ မူကြမ်းမှာ ပညာရေး အသုံးစရိတ်ကို နှစ်ဆ တိုးပြီး၊ ကျန်းမာရေး အသုံး စရိတ်ကို လေးဆ တိုးမယ်လို့ ဆိုထားပါတယ်။ ကာကွယ်ရေး အသုံးစရိတ်ကိုတော့ ၁၅.၃၃ ရာနှုန်းပေးဖို့ အစိုးရ က တောင်းဆိုထားပါတယ်။ အဲဒီပမာဏဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့နှိုင်းယဉ်ရင် နည်းပါးနေကြောင်းလည်း အစိုးရဘက်က ဆိုပါတယ်။

ဒါပေမဲ့အမည်မဖေါ်လိုသူ အောက်လွှတ်တော် အတိုက်အခံ အမတ်တစ်ဦးက အဲဒီ်ပမာဏကို လက်မခံနိုင် ကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေက မြန်မာထက် တိုးတက် ချမ်းသာပြီး ဖြစ်နေတဲ့အတွက် ကာကွယ်ရေးစရိတ်ကို ပိုမိုသုံးစွဲနိုင်တာ ဖြစ်ကြောင်း အေအက်ပီ သတင်းဌာနကို ပြောဆိုပါတယ်။

စစ်အစိုးရ ကာလအတွင်း စစ်တပ်အသုံးစရိတ်ဟာ နိုင်ငံတော် လျို့ဝှက်ချက်ဖြစ်ပြီး တရားဝင် မထုတ်ပြန်ခဲ့ပါဘူး။ အဲဒါကြောင့် အထက်လွှတ်တော်အမတ် တစ်ဦး ဖြစ်သူ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒေါက်တာ အေးမောင်က အရင်က စစ်တပ် အသုံး စရိတ်ဘယ်လောက် ရှိခဲ့သလဲဆိုတာ မသိရတဲ့အတွက် အခု တောင်းဆိုထားတဲ့ ပမာဏဟာ ဖြစ်သင့်မဖြစ်သင့် မပြောနိုင်ဘဲ ဖြစ်နေတယ်လို့ အေအက်ပီ ကို ပြောဆိုခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။