လာမဲ့အစိုးရအဖွဲ့မှာ သမတရုံး ဝန်ကြီးဌာနနဲ့ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဆိုတဲ့ ဌာနနှစ်ခု အသစ်တိုးပြီး စုစုပေါင်း ဝန်ကြီးဌာန ၃၄ ခုနဲ့ ဖွဲ့စည်းဖို့ အဆိုတင်သွင်းတာလို့ ဒီကနေ့ လွှတ်တော် တက်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် NDF အမတ် ဦးဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။
“သမတက သူဖွဲ့မဲ့ အစိုးရ ဝန်ကြီးဌာန အမည်စာရင်း ၃၄ ခုနဲ့ ဝန်ကြီး အရေအတွက် ၃၀ ဦးကို ပြည်ထောင်စု လွှတ်တော်ကို တင်ပါတယ်။ ဝန်ကြီးဌာက ၃၄ ခုဗျ၊ ဝန်ကြီးက ၃၀ ဦးပဲ ရှိတယ်။ အဲဒီတော့ ဝန်ကြီးတပါးက ဝန်ကြီးဌာန နှစ်ခုကို ကိုင်မဲ့ သဘောတွေ တွေ့တာပေါ့ဗျာ။ ကျွန်တော်တို့ မနက်ဖြန်မှာ သမတ တင်တဲ့ ဝန်ကြီးဌာန အရေအတွက်နဲ့ နောက် ဝန်ကြီး ၃၀ ဦးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးချင်တဲ့လူများ ဆွေးနွေးနိုင်ပါတယ် ဆိုတဲ့အကြောင်း လွှတ်တော် နာယကက ပြောပါတယ်။”
ဝန်ကြီးဌာန ၃၄ ခုအတွက် တာဝန်ယူမဲ့ ဝန်ကြီး အယောက် ၃၀ ခန့်မယ်လို့ အဆိုတင်သွင်းခဲ့ပေမဲ့ အဲဒီပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ ဆိုတာကို လွှတ်တော် တက်ခဲ့တဲ့ အမတ်တွေ မသိကြ ဘူးလို့ ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီၤး လွှတ်တော်မှာ မနက်ဖြန် ဆွေးနွေးကြမယ် ဆိုပေမဲ့ NDF ပါတီ ကိုယ်စားလှယ်တွေကတော့ သီးသန့် ကိစ္စရပ်တွေ တင်ပြဆွေးနွေးဖို့ မရှိကြောင်း ဦးဘုန်းမြင့်အောင်က အခုလို ပြောပါတယ်။
“ကျွန်တော်နဲ့ ဦးသိန်းညွန့်ကတော့ ကပ်ရက်ဆိုတော့ဗျာ၊ သူကတော့ ဆွေးနွေးဖို့ကိစ္စ မပြောဘူးဗျ။ ကျွန်တော်ကတော့ ပိုပြီးတော့ ဝေးတာပေါ့ဗျာ။ ဦးသိန်းညွန့်ဖက်ကလည်း ဆွေးနွေးဖို့ အစီအစဉ် ရှိတယ် မကြားပါဘူး။ ကျွန်တော်တို့ကတော့ မရှိဘူး။ ကျန်တဲ့လူတွေကတော့ မသိဘူးဗျ။”
“ကားပေါ်အပြန်မှာတော့ ဆွေးနွေးမယ်ဆိုတဲ့ လူတွေလည်း အသံကြားပါတယ်။ သူတို့ ဒီ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်၊ နောက် အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ အသံတွေလည်း တယောက်တပေါက် ပြောနေတာတော့ ကြားရပါတယ်။”
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၆၅၉ ဦး ရှိတဲ့အထဲက ၆၅၈ ဦး တက်ရောက်ကြပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တဦးပဲ စကားပြောတယ်လို့ သိရပါတယ်။
