လူမျိုးဘာသာမခွဲခြားဘဲ ကူညီကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။

"ဒုက္ခရောက်နေတဲ့လူတွေကို ကူညီစောင့်ရှောက်ရမယ်ဆိုတဲ့ဟာက တာဝန်မဟုတ်သော်လည်းပဲ လူသားချင်းစာနာထောက်ထားတဲ့စိတ်ဓါတ်၊ ဒီအချိန်မှာတော့ ဖြူတာတွေ မဲတာတွေ လူမျိုးတွေ ဘာသာတွေ ခွဲလို့မရတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ်လူသားတွေ လူသားတစ်ဦး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူသားအချင်းချင်း ကယ်တင်ရမယ်ဆိုတဲ့ ဒီလိုစိတ်ဓါတ်မျိုး ခေါင်းထဲမှာထည့်ထားဖို့လိုပါတယ်"

အစိုးရက ရခိုင်ပြည်နယ်ရေဘေးအတွက် ကျပ်သိန်းပေါင်းနှစ်သောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ငွေကြေး အကူ အညီပေးအပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းကြောင်းနဲ့ အသက်ရှင်ကျန်တဲ့သူတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြော ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေက ရေဘေးဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရေဘေးကြောင့် သေဆုံးသူ ဦးရေ ၅၅ ဦးရှိပြီး ကျွဲနွားအကောင်ရေ ၅ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းကျော်၊ စာသင်ကျောင်း ၃၀၀နီးပါး၊ ဘုန်းကြီးကျောင်း ၁၀၀ ကျော်နဲ့ လယ်ယာမြေ ဧက ၂ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာတန်ဖိုး ငွေကျပ်သန်းပေါင်း သုံးသောင်းလေးထောင်ကျော်ရှိတယ်လို့ သိရပါ တယ်။ အစိုးရထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာရေဘေးကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၇ သောင်းကျော် ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။