ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ လူထောင်နှင့်ချီပြီး စောင့်မျှော်နေ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၂ ရက် ဒီနေ့ လွှတ်ပေးဖို့ ရှိပေမဲ့ ချုပ်ချယ်မှု ကန့်သတ်မှု တွေ လုံးဝမရှိပဲ သွားလာ လှုပ်ရှားခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုနေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ရရှိပါတယ် ။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားလာခွင့်နဲ့ NLD အဖွဲ့ဝင်တွေကို အကန့်အသတ်နဲ့သာ တွေ့ခွင့်ပြုဖို့ ကြိုးစားနေကြောင်းလည်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။ အခုလို ညှိနှိုင်းနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ မလွှတ်ပဲ မနက်ဖန်ကျမှ လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။ ဒီအတောအတွင်း နောက်ဆုံးရရှိတဲ့ သတင်းတပုဒ်အရ ဒေါ်အေင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ရပ်တည်မှုနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ် တရားစွဲထားတဲ့အမှုကိစ္စကို လက်ခံသင့်၊ မခံသင့် ကြားနာဖို့ တရားရုံးချုပ်က ရက်သတ်မှတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

လာမဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကျရင် နေပြည်တော်တရားရုံးချုပ်ကို သွားပြီးလျှောက်လဲချက် ပေးရမှာ ဖြစ်တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်မဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဒီ ဥပဒေ အသစ်တခုက ဥပဒေအဟောင်းရဲ့ ခံစားခွင့်တွေကို ပိတ်ပင်လို့ မရဘူး၊ နောက်တခုက retrospective effect ပေါ့၊ နောက်ကြောင်းပြန် အကျိုး သက်ရောက်ရမယ်လို့ မပါရင် အကျိုးသက်ရောက်မှု မရှိဘူး။ ကျွန်တော်တို့က ပါတီတရပ်အနေနဲ့ မှတ်ပုံတင်ခဲ့ပြီးပြီ။ စည်းကမ်းလည်း ဖောက်ဖျက်တာ မရှိဘူးဆိုရင် ကျွန်တော်တို့ ရပ်တည်မှုကို ပယ်ဖျက်လို့ မရဘူး။ ဒါပြောချင်တာပါ။”

ဒီအမှုကို ရှေ့နေဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဦးကျော်ဟိုးတို့ လိုက်ပါဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေတာကြောင့်၊ လူထောင်ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ NLD ပါတီရုံးရှေ့မှာ စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။ လူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆိုတဲ့ စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ထားကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ၂၀၀ ကျော်ကို လက်ကိုင်ပိုစတာပုံစံလုပ်ပြီး ကြိုဆိုဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ညနေ ၅ နာရီကျော်တဲ့အထိ လွတ်လာမဲ့ အခြေအနေ ထူးခြားမှု မတွေ့ရတဲ့အတွက် ပါတီခေါင်းဆောင်တွေက ပရိသတ်ကို ကျေးဇူးတင်စကားပြောပြီး အိမ်ပြန်ကြဖို့ ပန်ကြား နေတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“၅ နာရီခွဲ ရောက်နေပါပြီ။ NLD ရုံးရှေ့မှာ ကြိုဆိုမဲ့ ပရိသတ်က လမ်းဘေး ဝဲယာ အပြည့်၊ လေး ငါး ခြောက်ထောင်ထက် မနည်း ရှိနေပါတယ်။ အဲဒါ အချိန်ကလည်း နည်းနည်းလင့်လာပြီ ဖြစ်တယ်၊ တခြား လွတ်ဖို့ ဘာဖို့ဆိုတဲ့ ထူးခြားတဲ့ အခြေအနေလည်း မတွေ့ရတော့ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူး ဦးဝင်းတင်တို့က ပရိသတ်ကို လိုက်တွေ့ပြီးတော့ အဲလို လာကြိုဆိုတဲ့အတွက် အရမ်း အားတက်ပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်၊ ဒါပေမဲ့ အခုအချိန်အထိ လွတ်ဖို့ဆိုတဲ့ အခြေအနေဟာ ဘာမှ ထူးခြားတဲ့ သတင်းတခုမှ မရတဲ့အတွက်ကြောင့် အခု အိမ်ပြန်ကြပါ၊ အိမ်ကနေပြီးတော့ပဲ ရေဒီယိုနားထောင်ပါ၊ တကယ်လို့ လွတ်ခဲ့လို့ရှိရင် မနက်ကျရင် ရုံးကို လာပြီးတော့ ကြိုဆိုနိုင်ပါတယ်လို့ အဲလို လိုက်ပြီးတော့ မေတ္တာရပ်ခံပြီးတော့ အေးအေးဆေးဆေး မိမိ အိမ်ကိုမိမိ ပြန်ကြဖို့ လိုက်ပြီးတော့ မေတ္တာရပ်ခံနေပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ကြိုဆိုတဲ့ အစီအစဉ်တခုအဖြစ် NLD ပါတီဝင်တွေနဲ့ ပြည်သူတချို့ အပါအဝင် စုစုပေါင်း လူ ၁၀၀ နီးပါးက ဒီကနေ့ သွေးလှူခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ NLD အဖွဲ့ဝင် လူငယ်တဦးဖြစ်တဲ့ ကိုရာဇာက အခုလိုပြောပါတယ်။

“နေရာ သုံးခု ခွဲလှူတာပေါ့ဗျာ နော်။ စံပြဆေးရုံမှာက ကျွန်တော်တို့ အဖွဲ့ချုပ်ကတော့ ၇ ယောက်ပဲ ပါတယ်၊ အပြင်လူတွေ ဘာတွေနဲ့ နှစ်ဆယ် အစိတ်လောက် ရှိတယ်ပေါ့။ နောက်တခါကျတော့ ကျွန်တော်တို့ ဒီ ကလေးဆေးရုံနဲ့ အမျိုးသမီးဆေးရုံကို သွားလှူပါတယ်၊ ရုံးကနေပြီးတော့။ အဲဒါကတော့ ၆၀ ကျော်လောက် ရှိပါတယ်။ အားလုံးပေါင်းမယ်ဆိုရင်တော့ တရာဝန်းကျင်လောက် ရှိတယ်။ ဒါဒေါ်အောင်ဆန်းစုကြည် လွတ်မဲ့နေ့ကို ကြိုပြီးတော့ ဂုဏ်ပြုတာပေါ့ဗျာ။”

စစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတာကိုလည်း ဒီကနေ့ ရန်ကုန်မြို့နေရာ တော်တော်များများမှာ တွေ့ရပြီး၊ NLD ရုံးချုပ်နားမှာလည်း အရပ်ဝတ် ထောက်လှမ်းရေးတွေရော၊ ယူနီဖောင်းဝတ် တပ်သားတွေပါ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက် မနက်ဖန် လွတ်မယ်လို့ NLD ခေါင်းဆောင်တွေ မျှော်လင့်ထားကြပါတယ်။