အထိခိုက်ဆုံး တာလေနဲ့ မိုင်းလင်းနယ်မြေတွေမှာ အရေးပေါ် ဆေးရုံသုံး ပစ္စည်းတွေနဲ့ မိသားစု ၂ သောင်းခွဲ အတွက် အမိုးအကာနဲ့ ခြင်ထောင်တွေကို ကူညီခဲ့တယ်လို့ Mr. Herink ပြောပါတယ်။
တချိန်တည်းမှာ ငလျင်ဒဏ်ခံရသူ မြန်မာပြည်သူတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း နိုင်ငံတကာ ခေါင်းဆောင်တွေက ထုတ်ဖော် ပြောကြားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံက ငလျင်ဘေးကြောင့် ထိခိုက် သေဆုံးရသူတွေအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း သမ္မတ အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေ ကိုယ်စား ပြောကြားလိုက်ပါတယ်။
အလားတူ အိန္ဒိယ ဝန်ကြီးချုပ် မန် မိုဟန်ဆင်းကလည်း အိန္ဒိယအစိုးရက ဝမ်းနည်းကြောင်းနဲ့ လိုအပ်တဲ့ အကူအညီကို ပေးလိုကြောင်း မနေ့က ထုတ်ဖော် ပြောကြားပါတယ်။ တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာနကတော့ အမေရိကန်ဒေါ်လာ ငွေသား ကျပ် ၅ သိန်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ကြေညာထားပါတယ်။ အင်ဒိုနီးရှားအစိုးရကလည်း ဝမ်းနည်းကြောင်းပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် ကင်တားနား ကလည်း သူ့အနေနဲ့ မြန်မာနိုင်ငံက ငလျင်ဘေးကျရောက်ခဲ့တဲ့ ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း၊ ဒီ ငလျင်ကြောင့် လူအများအပြား ထိခိုက် ပျက်စီးရတယ်ဆိုတာ ကြားရတဲ့အတွက် ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်ကြောင်း RFA ကို ပြောပါတယ်။
မတ်လ ၂၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ဆွေးနွေးရာမှာလည်း ကုလသမဂ္ဂ ဆိုင်ရာ ဂျပန် သံကိုယ်စားလှယ်၊ တရုတ် ကိုယ်စားလှယ်နဲ့ မလေးရှားကိုယ်စားလှယ်တို့က မြန်မာငလျင်ဘေးနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
