သစ်တောဝန်ထမ်း ၃ ဦး ရိုက်နှက်ခံရ ၁ ဦး ရေမျှောပျောက်ဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ဝါးဖောင်တွေကို လိုက်လံစစ်ဆေးနေတဲ့ သစ်တောဝန်ထမ်း ၃ ဦး ရိုက်နှက်ခံရပြီး ၂ ဦးက ဆေးကုသခံနေရသလို ၁ ဦး ပျောက်ဆုံးနေပါတယ်။

မသင်္ကာတဲ့ ဝါးဖောင်တစ်စီးကို စစ်ဆေးတာကို လက်မခံဘဲ ရိုက်နှက်ခဲ့တာဖြစ်ပြီး အဲ့ဒီကိစ္စမှာ ပါဝင်သူ ၁၅ ဦးကို ရွှေဘိုမြို့နယ် ကျောက်မြောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကျောက်မြောင်းနယ်မြေ ရဲစခန်းက ရဲအုပ် မိုးကျော်အောင် က ပြောပါတယ်။

"မခေါက်ရွာအနီး ဧရာဝတီမြစ်ထဲမှာဖြစ်တာပေါ့ဗျာ၊ သစ်တောအဖွဲ့က ဧရာဝတီမြစ်ထဲကဆင်းလာတဲ့ ဝါးဖောင်ကို စစ်ဆေးတဲ့အချိန်မှာ ဖောင်ပေါ်မှာပါတဲ့လူတွေက ရိုက်နှက်တယ်ပေါ့၊ ၁၅ ဦးလောက်ရှိတယ်လို့ သူတို့က လာတိုင်ထားတယ်၊ ကျနော်တို့က ဆက်လက်ပြီး စုံစမ်းဖော်ထုတ်နေတာပေါ့"

သစ်တောဝန်ထမ်းတွေဖြစ်တဲ့ တောအုပ်ဇော်မိုး၊ တောအုပ် မျိုးမြင့်ကြိုင်နဲ့ တောခေါင်း မျိုးထွန်းတို့ ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီး တောအုပ်ဇော်မိုးနဲ့ တောခေါင်းမျိုးထွန်း တို့က ရွှေဘိုပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

တောအုပ် မျိုးမြင့်ကြိုင်ကတော့ ထိခိုက်ဒဏ်ရာတွေနဲ့ ရေထဲမျောပါသွားတာဖြစ်ပြီး ဒီနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ် ပါတယ်။