သုံးနိုင်ငံ စီးပွားရေး မဟာဗျူဟာ လမ်း ဖောက်လုပ်မည်

အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသကနေ မြန်မာ သို့မဟုတ် ထိုင်းနိုင်ငံကို သွားရောက် နိုင်မယ့် ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ရပ်ကို အိန္ဒိယ အစိုးရက ကမ်းလှမ်း ထားရာမှာ မကြာခင်အကောင်အထည် ပေါ်လာဖွယ်ရှိတယ်လို့ ဟင်ဒူစတန်တိုင်း သတင်းစာက ဖော်ပြပါတယ်။

ဝန်ကြီးချုပ် မိုဒီအစိုးရတက်လာပြီးတဲ့နောက် အိန္ဒိယနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကြိုးစားလာခဲ့ရာမှာ အိန္ဒိယ အစိုးရက တင်ပြထားတဲ့ MV agreement ခေါ် မော်တော်ယာဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာ သယ်ယူပို့ဆောင်ရေး ဝန်ကြီးတွေ လာမယ့် ဧပြီလ ၁၈ ရက်၊ အိန္ဒိယ နိုင်ငံ ချင်နိုင်းမြို့မှာတွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာ ကားလမ်း ဆက်သွယ်ရေးအတွက် မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်မြို့ တို့က တစ်ဆင့် ချင်းပြည် နယ် မြောက်ပိုင်း မင်းတပ်- မတူပီ စတဲ့ မြို့တွေကို ဖြတ်ပြီး၊ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းကို အိန္ဒိယနိုင်ငံ အကူအညီနဲ့ ဖောက်လုပ်မှာ ဖြစ်ပါတယ်။

အဲဒီကားလမ်းဟာ ၄၀၂ မိုင် ၅ ဖာလုံ ရှည်လျားမှာဖြစ်ပြီး၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့နဲ့ စီးပွားရေး မဟာဗျူဟာလမ်း အဖြစ် အသုံးပြုမှာဖြစ်ပါတယ်။

အိန္ဒိယ အစိုးရဟာ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နိုင်ငံတွေနဲ့ ကားလမ်းဆက်သွယ်ရေး စီမံကိန်း ဆောင်ရွက်ဖို့ ဇွန်လ မှာ လက်မှတ်ရေးထိုးဖို့စီစဉ်ထားပါတယ်။