အဖမ်းခံကျောင်းသား ၁၁ ဦးမှ ၃ ဦးကို ပြန်လွှတ်

ပြီးခဲ့တဲ့ ၁၅ ရက်နေ့က စတင်ပြီး စစ်အစိုးရ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ ရန်ကုန်က တက္ကသိုလ်ကျောင်းသားတွေဟာ စုစုပေါင်း ၁၁ ဦး ရှိသွားပြီလို့ သတင်းရရှိပါတယ်။ သူတို့ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

အခုလို ကျောင်းသားတွေ အဖမ်းခံရတာနဲ့ ပတ်သက်လို့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများ သမဂ္ဂက ကိုမာန်သွေးက ပြောပြပါတယ်။ ကျောင်းသားတွေကို ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဖမ်းဆီးပြီး မြောက်ဥက္ကလာ ရဲစခန်းကနေ ရဲအထူးသတင်းတပ်ဖွဲ့က ခေါ်သွားကြောင်းနဲ့ တယောက်တနေရာ ခွဲပြီး ညှဉ်းပန်းနှိပ်စက်နေကြောင်း သူက ပြောပါတယ်။

ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို မိမိတို့ အမြင်သဘောထားကို ထုတ်ဖော်တာ ဖြစ်တဲ့အတွက် အပြစ်မရှိကြောင်းနဲ့ ဒီဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း ကိုမာန်သွေးက ပြောပါတယ်။

ကျောင်းသားတွေအနေနဲ့ကတော့ မတရားတဲ့ ရွေးကောက်ပွဲကို လက်ခံမှာ မဟုတ်ကြောင်း စစ်အစိုးရက ကျောင်းသားတွေ လိုလားတဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပေးခြင်း မရှိပဲ ကျောင်းသားတွေကို အကြမ်းဖက်ဖိနှိပ်တာကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်မပေးဘူးဆိုရင် မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းတွေထဲမှာ ဆန္ဒပြမှာ ဖြစ်ကြောင်းနဲ့ အဖမ်းဆီးခံ ကျောင်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ကျောင်း အသီးသီးမှာ ရှိတဲ့ ကျောင်းသားကျောင်းသူ ညီအကိုမောင်နှမအားလုံး အနေနဲ့လည်း ဝိုင်းဝန်းတောင်း ဆိုကြဖို့ ၂၀၀၇ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမာန်သွေးက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကတော့ ဖမ်းဆီးခံထားရတဲ့အထဲက ကိုရဲလင်းဖြိုး၊ ကိုချမ်းမြေ့အောင်နဲ့ ကိုလှကျော်စိုးတို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။