သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့ အနေနဲ့ကပေါ့လေ၊ ဒီမှာ နိုင်ငံပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ဒီအားလုံးပေါ့၊ ထိတွေ့ဆက်ဆံဖို့လိုတယ် ဆိုတဲ့ သဘောထားက ရှိပြီးသားပါ"

တွေ့ဆုံပွဲ ဘယ်တော့လုပ်မယ်၊ ဘာတွေပြောဆိုဖို့ ရှိတယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ ဒီလိုတွေ့ဖြစ်ခဲ့ရင် ဒါဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ သူရ ဦးရွှေမန်းတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သက်ဆိုင်သူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို လွန်ခဲ့တဲ့နှစ်တွေ ကတည်းက တိုက်တွန်းထားသလို၊ မြန်မာအစိုးရဘက် ကလည်း တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်ပအခြေစိုက်အဖွဲ့တွေနဲ့ တွေ့ဆုံနေတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့က ပြည်ပရောက်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။