သူရဦးရွှေမန်းဖယ်ရှားမှု ကန်အစိုးရနဲ့ လွှတ်တော်အမတ် ဝေဖန်

သူရဦးရွှေမန်းကို USDP ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌတာဝန်ကနေ ဖယ်ရှားလိုက်တဲ့ ဖြစ်ရပ် ဟာ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထောက်ခံသူတွေကို တုန့်ဆိုင်းသွားစေတယ်လို့ အမေရိကန်အထက် လွှတ်တော်အမတ် Mitch McConnell က သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

သူရဦးရွှေမန်း ဥက္ကဌ ရာထူးက ဖယ်ရှားခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Mitch McConnell က UDSP ဟာ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ သူတို့ပါတီကို ဘယ်သူတွေ ခေါင်းဆောင် သင့်တယ်ဆိုတာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်အဝရှိပါ တယ်။ ဒါပေမဲ့ ပါတီ ခေါင်းဆောင်တစ်ဦးကို ရာထူးကဖယ်ရှားတဲ့ ကိစ္စမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက် တယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးတလည် စိုးရိမ်ပူပန်ရပါတယ်လို့ ပြောပါတယ်။

ဒါ့အပြင် Mitch McConnell က မြန်မာအစိုးရအနေနဲ့ အခုလိုပါတီရဲ့ အတွင်းရေး ပြဿနာသက်သက်တစ်ခုကို ဖြေရှင်းဖို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘာကြောင့် ပါဝင်သင့်တယ်လို့ ယူဆသလဲဆိုတာကို ရှင်းပြဖို့ မိမိတိုက်တွန်းပါတယ် လို့ ပြောပါတယ်။ တဆက်တည်းမှာပဲ ဒီလိုအဖြစ်အပျက်မျိုးဟာ မကြာခင်ကျင်းပတော့ မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး စိုးရိမ်သောကတွေကို တိုးပွားစေပါတယ်လို့လည်း သူ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတွင်း အေပီ သတင်းတပုဒ်မှာလည်း ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဥက္ကဌကို ညဘက်ကြီး ရာထူးက ဖယ်ရှားခဲ့ချိန်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ကိစ္စကို အမေရိကန် နိုင်ငံရေးသမားတွေက ဝေဖန်နေကြကြောင်း ရေးသားထား ပါတယ်။ မြန်မာပြည်သူလူထုက သူတို့အစိုးရဟာာ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းနေတယ်ဆိုတဲ့ ယုံကြည် မှုကို ပိုမိုတိုးပွားအောင်ပဲ မြန်မာအာဏာပိုင်တွေအနေနဲ့ လုပ်ဆောင်သင့်ပါတယ်၊ ဆုတ်ယုတ် သွားအောင်မလုပ်မိဖို့ အရေးကြီးပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Katina Adams က ပြောကြားကြောင်း လည်း အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။