TNP ပါတီက ပါတီတွေပေါင်း ထုတ်တဲ့ ကြေညာချက်မှာ မပါလို့ ထုတ်ပြန်


2017.01.25
tnp-party-620.jpg တအာင်း(ပလောင်)အမျိုးသားပါတီက ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ကြေညာချက်ကို တွေ့ရစဉ်
.

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၅ ခုက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ တအာင်း(ပလောင်) အမျိုးသား ပါတီအမည်ကို ထည့်သွင်းထားတာကို ကန့်ကွက်ကြောင်းနဲ့ ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

တအာင်း(ပလောင်)အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုး မိုင်းဝင်းထူးက ထုတ်ပြန်ချက်မှာ လက်မှတ်ထိုးခဲ့ တယ်ဆိုတဲ့ ဗဟိုအလုပ်အမူဆောင် ဦးထွန်းကြိုင် ဆိုတာ ပါတီမှာမရှိသလို အဲဒီကြေညာချက်ကို လက်မခံနိုင်တဲ့ အတွက် ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ရတာလို့ ပြောပါတယ်။

"ဒီဟာက ကျနော်တို့ပါတီက သဘောထားမဟုတ်ပါဘူး၊ အဲဒါကို လက်မခံပါဘူး။ ပါတီထဲမှာလည်း ဗဟို အလုပ်အမူဆောင် ဦးထွန်းကြိုင် ဆိုတာ မရှိပါဘူး။ ကျနော်တို့က ဘယ်ပါတီနဲ့မဆို အလုပ်ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်။ ဟိုပါတီနဲ့ ဒီပါတီနဲ့ ရှမ်းပါတီနဲ့ ကယားပါတီနဲ့ဖြစ်ဖြစ်ပေါ့နော် လက်တွဲပြီးလုပ်မယ်၊ ကျနော်တို့မှာ ရန်သူမရှိဘူးပေါ့နော် အဲလိုပုံစံမျိုး၊ ဘယ်သူပဲဖြစ်ဖြစ် ပါတီရဲ့မူနဲ့ ကိုက်မယ်ဆိုရင်လုပ်မယ်၊ ဒါပေမဲ့ သူတို့ အခု လုပ်တဲ့ပုံစံမျိုးက ကျနော်တို့ကို တကယ့်ဥပက္ခာပြုတဲ့ ပုံစံမျိုး၊ ပါတီအချင်းချင်းအပေါ်မှာ စော်ကားတဲ့ပုံစံမျိုး ဖြစ်သွား တာပေါ့၊အဲဒါကြောင့် ကျနော်တို့ ဒါကိုလုံးဝမဖြစ်သင့်ဘူး ဒါကို ကန့်ကွက်ရမယ်ဆိုပြီး လုပ်တာပါ"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြုလုပ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲကို သူတို့ပါတီက မြို့နယ်ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ပေမယ့် ထုတ်ပြန်ချက်ကို လက်ခံကြောင်း သဘောတူ လက်မှတ်ထိုးတာ မရှိခဲ့ဘူးလို့ အထွေထွေအတွင်းရေးမှူး မိုင်းဝင်းထူး ကပြောပါတယ်။

နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မူတွေနဲ့ တရားဥပဒေစိုးမိုးရေး တို့အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းပေးဖို့ နဲ့ နိုင်ငံသားမဟုတ်တဲ့သူ အမြောက်အများ ကို ပြန်လည်လက်ခံမယ့်သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အစိုးရက တိကျတဲ့ သတင်းထုတ်ပြန်ပေးဖို့ဆိုတဲ့ အချက် ၆ ချက်ပါဝင်တဲ့ ကြေညာချက်ကို ပါတီ ၁၅ ခုက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ပက်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားချက်နဲ့အညီ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာသာ ဆွေးနွေးဆုံးဖြတ်သင့်ပြီး တစ်ဦး တစ်ယောက်၊ ဌာနတစ်ခုထဲရဲ့ သဘောထားနဲ့ မလုပ်သင့်ဘူးလို့ ယူဆကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒေါက်တာ ဝင်းအောင်ကျော် က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ညှိနှိုင်းမူမရှိခဲ့သလို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ခန့်အပ်ခဲ့တယ်လို့ ပါတီ ၁၅ ခုရဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။

နိုင်ငံရေးလေ့လာသူ စာရေးရာ ဦးမောင်မောင်စိုးက နိုင်ငံသားမဟုတ်သူတွေကို ပြန်လည် လက်ခံမယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလ အဆင့်သာရှိသေးပြီး အစိုးရက ထုတ်ပြန်တာကို မတွေ့ရသေးကြောင်းနဲ့ တကယ်ပဲ အဲဒီအစီအစဉ်ရှိမယ်ဆိုရင် နယ်စပ်လုံခြုံရေးနဲ့ ပြည်ထဲရေးဌာနကို အုပ်ချုပ်တဲ့သူတွေဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်မှာရှိတဲ့အတွက် သူတို့ အရင်ဆုံးသိမယ်လို့ ယူဆကြောင်းပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။