ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများ စစ်ဖက်ရာထူးမှ အနားယူ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် မြန်မာစစ်အစိုးရ ထိပ်တန်း ခေါင်းဆောင် ၁၅ ဦးခန့် စစ်ဖက်ရာထူးတွေကနေ သြဂုတ်လ ၂၇ ရက် ဒီကနေ့ အနားယူလိုက်တယ်လို့ သတင်းရရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ဆက်ခံရယူတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အခုလို ရာထူးက အနားယူလိုက်တာ ဖြစ်တယ်လို့ ယူဆရကြောင်း သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စစ်တပ်အရာရှိကြီး အတော်များများကို အငြိမ်းစားပေးလိုက်ပြီး နောက် အခုတကြိမ်ဟာ စစ်အစိုးရအဖွဲ့အတွင်း ဒုတိယအကြိမ် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။

အခု ရာထူး အပြောင်းအလဲလုပ်တဲ့ ကိစ္စကို အစိုးရက တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။