သြင်္ကန်ကာလအတွင်း ယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယဉ်ရေး အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ လူငယ်အစည်းအရုံး၊ Initiative Youth ၊ World Merit စတဲ့ လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ ပြည်လမ်း အင်းလျားကန်ဘောင်နဲ့ လူစည်ကားတဲ့ Junction Square တွေမှာ ဆောင်ရွက်ခဲ့ကြတာပါ။
မြန်မာနိုင်ငံ အလှည့်ကျ အာဆီယံ ဥက္ကဌတာဝန် ထမ်းဆောင်နေတဲ့နှစ် ဖြစ်တဲ့အတွက် တခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အထင်အမြင်သေး မခံရအောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာလူငယ်များစွမ်းဆောင် ရည်မြှင့် တင် ရေးကွန်ယက်မှ ကို အောင်ဇင်က ပြောပါတယ်။
"အာဆီယံနိုင်ငံတွေအပြင် တခြားနိုင်ငံတွေက မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အချိန်မှာ လူတွေပြုပြင်ပြောင်းလဲပြီးတော့ မင်းတို့မြန်မာက ရိုးရာကျတော့ ငါတို့နဲ့အတူတူပါလားလို့ အပြောမခံချင်တဲ့စိတ်လေးနဲ့ ကျနော်တို့ ဒီနေ့ awareness လေးကို လုပ်ခြင်းဖြစ်ပါတယ်"
သြင်္ကန်ကာလအတွင်း သြင်္ကန်မဏ္ဍပ်တွေမှာလည်း ဝတ်စားဆင်ယဉ်မှုနဲ့ ပတ်သက်ပြီး လိုက်လံနှိုးဆော် သွား မယ် လို့ သိရပါတယ်။