သြင်္ကန်သရုပ်ပျက် ဝတ်စားဆင်ယင်မှု ထိန်းသိမ်းရေး သတိပေး

0:00 / 0:00

0:00 / 0:00

0:00 / 0:00

ရန်ကုန်မြို့က သြင်္ကန်မဏ္ဍပ်တွေမှာ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေ မရှိကြဖို့ ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက အထူး သတိပေးထားကြောင်း သိရပါတယ်။

ကန်တော်ကြီး ပတ်လမ်းမှာရှိတဲ့ Signature ရေကစား မဏ္ဍပ်မှာ မနေ့က သရုပ်ပျက်ဝတ် စားဆင်ယင်ပြီး စင်ပေါ်မှာဖျော်ဖြေ ကပြတာတွေရှိခဲ့တဲ့အတွက် သတိပေးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောပါတယ်။

"အထူးသဖြင့်တော့ ကန်တော်ကြီးပတ်လမ်းကို ဦးစားပေးပြီးတော့ တာဝန်ချထားပါတယ်၊ ကျန်တဲ့နေရာတွေကတော့ မြို့နယ်မိုင်းရှင်း အဖွဲ့လေးတွေနဲ့ မြို့နယ်လုံခြုံရေးအဖွဲ့တွေနဲ့ လွှတ်ထားပေးပါတယ်၊ မနက်ပိုင်း ၅ နာရီကနေ ၇ နာရီပေါ့ မိုင်းရှင်းအဖွဲ့ရှင်းပေးတယ်၊ ညနေမှာ ၆ ခွဲနဲ့ ၇ ခွဲပေါ့၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု ကတော့ ဘောင်းဘီအတို ဝတ်တာကတော့ ဒီခေတ်ကြီးမှာရိုးနေပြီဗျ၊ ကျန်တာက ကိုးရိုးကားရားသွားတဲ့လူ မရှိသလောက်ပါပဲ၊ Signature မှာဖြစ်သွားတာက ထိုင်းအကအဖွဲ့ သူတို့ကိုသွားပြီး သတိပေးပြီးသွားပါပြီ၊ အဲလိုဟာမျိုးနဲ့ စင်ပေါ်တက်မကပါနဲ့ဆိုတော့ သူတို့နားထောင်ပါတယ်၊ နောက်နေ့ကျရင် ဘောင်းဘီ အတိုပြန်ဖြစ်လာတယ်"

ရေကစားမဏ္ဍပ်ကြီးတွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး မနက်နဲ့ ညနေပိုင်းတွေမှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေကစားမဏ္ဍပ် အနီးတစ်ဝိုက်တွေမှာ ဘီယာ၊ အရက်ရောင်းချနေတာတွေကိုလည်း ပိတ်ပင်ထားပြီး ဒီနေ့သြင်္ကန်အကြတ်နေ့အထိ မူးယစ်အမှုပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယ ရဲမှူးးကြီး မြင့်အေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သြင်္ကန်တွင်း လူမှုရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မဟာ သြင်္ကန်အကြတ်နေ့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သြင်္ကန်မြင်ကွင်းတွေကို RFA အဖွဲ့သူ မသင်းသီရိတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။