ဧရာဝတီတိုင်း ကုက္ကိုလ်ပင်စိုက်ပျိုးရေးစီစဉ်

ဧရာဝတီတိုင်း ဘိုကလေးဒေသမှာ သဘာဝဘေးဒဏ်နဲ့ ရာသီဥတုဒဏ်တွေကြောင့် သစ်တောတွေ ပြုန်းတီး ပျက်စီးကုန်တဲ့အတွက် ဒေသတွင်း စိမ်းလန်းစိုပြေစေဖို့ ရည်ရွယ်ပြီး ကုက္ကိုလ်ပင်တွေ စိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

2011.04.26
nargis_tree_forest_305_z.png မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလက နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် သစ်ပင်များ လဲပြိုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီအစီအစဉ်ကို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီအဖွဲ့ဝင်တွေက လှုပ်ရှား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ကူညီ ဆောင်ရွက်တဲ့အနေနဲ့ မိမိတို့အဖွဲ့ဝင်တွေက အခုလို ဆောင်ရွက်ကြတာ ဖြစ်ကြောင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဘိုကလေးမြို့က အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးလှမြင့်က ပြောပါတယ်။

“အခု ကျွန်တော်တို့ဆီမှာ သစ်တောတွေက မရှိတော့ဘူးလေ။ သစ်တောတွေက ကုန်ပြီ။ ချုံလောက်ပဲ ရှိတော့တယ်။ အဲဒါကြောင့်မို့ ကုက္ကိုလ်စေ့ရ၊ နောက် မဟော်ဂနီစေ့ရ၊ နောက် အခြား ရှား၊ ပိတောက်ပေါ့ဗျာ၊ ကျွန်တော်တို့ ရေမြေနဲ့ အံကိုက်တဲ့ဟာကို ကြည့်ပြီး စိုက်သွားမှာပဲ။ ကျွန်တော်တို့ စိတ်ပူတယ်ပေါ့လေ၊ တနိုင်ငံလုံးအတွက် စိတ်ပူတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ သစ်ပင်တွေက သုံးသာ သုံးကြတယ်၊ အလေးထားပြီး စိုက်ဖို့ သိပ်မဖြစ်သေးဘူး။ ဒီအစိုးရကတော့ သူ့ plan တော့ လုပ်နေတာပေါ့လေ။ ဒါပေမဲ့ ဝိုင်းဝန်းကူညီတဲ့ သဘောပါ၊ ကျွန်တော်တို့က တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီမယ်လေ။”

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာ ၅၆၂ ရွာစလုံးမှာ ကုက္ကိုလ်ပင်တွေနဲ့ အခြား အရိပ်ရအပင်တွေ၊ ဒေသနဲ့ စိုက်ပျိုးဖို့ သင့်တော်တဲ့ အပင်တွေကို စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။ ဒီသစ်ပင် စိုက်ပျိုးရေး အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်ထဲက စတင်ခဲ့တာ ဖြစ်ပေမဲ့ ဒီနှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။