သံတွဲပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းထားသူ ၁၄ ဦးအမှု စတင်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး သဗြုချိုင်ကျေးရွာနဲ့ ဆင်ခေါင်းကျေးရွာတွေက ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးကို ဒီကနေ့ သံတွဲမြို့နယ်တရားရုံးမှာ မီးရှို့မှု၊ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်ဇော်က RFA ကို အခုလိုပြောပါတယ်။

"သဗြုချိုင်တစ်မှု ရုံးတင်တယ်၊ တရားစွဲတယ်၊ ၄၃၆၊ ၁၁၄ နဲ့ပါ၊ မီးရှို့မှုကို တရားခံ ၁၄ ဦးနဲ့ တရားရုံးမှာ တရားစွဲတင်လိုက်ပါတယ်"

ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အာဏာပိုင်တွေက ရုံးတင်စစ်ဆေးနေချိန်အတွင်း လာရောက်နားထောင်သူတွေကို ကန့်သတ်ပိတ်ပင်မှုတွေရှိခဲ့တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး ဒီကနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားသူဦးရေ ၈၀ ခန့် ရှိပြီး အဲဒီအထဲက တရားရုံးမှာ တရားစွဲဆိုထားသူ ၆၀ နီးပါးလောက်ရှိတယ်လို့လည်း သိရပါတယ်။