မြောက်ဦး ပဋိပက္ခအတွင်း အဖမ်းခံထားရသူတွေကို စတင်စစ်ဆေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတဲ့ တရားခံတွေကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က စတင်စစ်ဆေး ခဲ့တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလိုပြောပါတယ်။

"မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ ဖြစ်ပျက် ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားခံ ၈ ဦးကို လူသတ်မှု၊ မီးရှို့မှုနဲ့ စွဲဆိုထားတဲ့ကိစ္စတွေမှာ မနေ့ကတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ မီးရှို့တဲ့အမှုမှာ တရားခံ ၃ ဦးကို စတင်စစ်ဆေး ပြီးဖြစ်ပါတယ်"

ဒါ့အပြင် ယိုင်သည်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ မီးရှို့မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ ၇ ဦးမှာ ၃ ဦးကို မနေ့က စတင်စစ်ဆေးခဲ့ပြီး ဒီကနေ့ ကျန် ၄ ဦးကို ထပ်မံစစ်ဆေးခဲ့တယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်ကပြောပါတယ်။

မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေသခံ ၈ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ မီးရှို့မှု၊ ၃၀၂ လူသတ်မှုစတာတွေနဲ့ အမှုနှစ်မှုခွဲပြီး ရုံးတင်စစ်ဆေးနေရာမှာ ပုဒ်မ ၄၃၆ မီးရှို့မှုနဲ့ စွဲဆိုထားတဲ့အမှုမှာ တရားလိုနဲ့ သက်သေ ၃ဝ ဦးခန့်ကို ၉ လခန့်ကြာအောင် စစ်ဆေးခဲ့ရပြီး တရားခံဘက်ကိုတော့ မနေ့က စတင်စစ်ဆေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။