ဒီကနေ့ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဆန္ဒပြ အနှေးယာဉ် ဆိုက်ကားသမားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"မနေ့က အတိုင်းပါပဲ၊အနှေးယာဉ်လိုင်စင် ရရှိရေး၊အခွန်တော်ငွေ တိုးမြှင့်ရေးနဲ့ လက်ရှိ ဆိုက်ကားဖမ်းဆီးရေးကို ရပ်တန့်ပေးဖို့ တောင်းဆိုကြတာပါ။"
ဆန္ဒပြလုပ်သားတွေဟာ အနှေးယာဉ်ဆိုက်ကားတွေ လိုင်စင်ရရှိရေး၊ နိုင်ငံတော်ဘဏ္ဍာ အခွန်အခ တရားဝင်ပေးဆောင်ရေး၊ ဆင်းရဲသား အနှေးယာဉ်ဆိုက်ကားသမားတွေ အလုပ်အကိုင်တည်တံ့ရေး၊ အနှေးယာဉ်ဆိုက်ကားတွေ ဖမ်းဆီးတာ ရပ်တန့်ပေးရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ညောင်တုန်းလမ်းမကြီး တလျှောက် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
အနှေးယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့အဆိုအရ လှိုင်သာယာမြို့နယ်မှာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က တရားဝင်လိုင်စင်တွေ ချထားပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာ လိုင်စင်တွေ မပေးတော့ဘူးလို့ သိရပါတယ်။ အခုဆိုရင် လိုင်စင်ရှိတဲ့ ဆိုက်ကား အစီးရေ ၁၄၀၀ကျော် ရှိပြီး လိုင်စင်မဲ့ဆိုက်ကားက အစီးရေ ၄၀၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
