မြန်မာသာမဏေနှင့်သီလရှင်ငယ် ပထမအသုတ် သိရီလင်္ကာမှ ပြန်ရောက်

သိရီလင်္ကာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာသာမဏေနဲ့သီလရှင်ငယ် ၁၀၀ ကျော်ထဲက ၃၅ ဦးဟာ ဒီကနေ့ နေ့လည် ၁၁ နာရီလောက်မှာ မလေးရှားလေကြောင်းနဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သူတို့အားလုံးရဲ့ လေယာဉ်ပျံလက်မှတ်ဖိုး ကုန်ကျစရိတ်တွေကို သီတဂူဆရာတော်ကြီးက ကူညီထောက်ပံ့ခဲ့ပါတယ်။ ဆရာတော်ရဲ့တာဝန်ပေးချက်နဲ့ သီတဂူသာသနာပြုအဖွဲ့က ဦးဝင်းအောင်နဲ့ ဦးဝေလွင်တို့ သွားရောက် ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံ မြန်မာသံရုံးကလည်း ကိုရင်နဲ့သီလရှင်ငယ်လေးတွေ လေယာဉ်ပေါ် ရောက်တဲ့အထိ စီမံ ဆောင်ရွက်ပေးတယ်လို့သိရပါတယ်။

RFA ရဲ့ စုံစမ်းချက်အရ ကိုရင်နဲ့သီလရှင်ငယ်တချို့ဟာ သက်ဆိုင်ရာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို ပြန်လည် ရောက်ရှိနေပါပြီ။ သူတို့ကို ဆက်သွယ်မေးမြန်းရာမှာ ဒီသတင်းနဲ့ ပတ်သက်လို့ သတင်း၊ မီဒီယာတွေကို မပြောဖို့ သာသနာရေးဌာနက ပိတ်ပင်ထားတဲ့အကြောင်း ဆရာတော်တပါးက မိန့်ပါတယ်။

သီတဂူစင်တာရဲ့ အင်တာနက် စာမျက်နှာမှာတော့ သိရီလင်္ကာရောက်နေတဲ့ မြန်မာသာမဏေနဲ့ သီလရှင်ငယ် ၁၀၀ ကျော်ရဲ့ နေရပ်လိပ်စာ၊ စာသင်ကျောင်း အတိအကျ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀ဝ၈နဲ့ ၂၀ဝ၉ ခုနှစ်က မြန်မာကိုရင်နဲ့သီလရှင် ၁၀ဝ ကျော်ကို ခေါ်ဆောင်သွားတဲ့ သီရိလင်္ကာ ဘုန်းကြီး ဒေါက်တာ စန္ဒိမာ ခေါ် Dr. Bodagam Chandima က နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေ အဖြစ် ပြောဆိုပြီး နိုင်ငံတကာကို အလှူခံခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုရင်ငယ်နဲ့သီလရှင်ငယ်လေးတွေရဲ့ နေထိုင် စားသောက်ရေးတွေကို အပြည့်အဝ တာဝန် မယူတာကြောင့် ကလေးတွေ အလွန် ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ်။