ရှမ်း၊ ကယားနဲ့ မွန်တိုင်းရင်းသားအဖွဲ့တွေ ဦးဆောင်ကျင်းပမယ့် တတိယအကြိမ်မြောက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ တောင်ကြီးမြို့ မှာ ကျင်းပမယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပမယ့် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ရဲ့ရည်ရွယ်ချက်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။
"အစိုးရအဖွဲ့ထဲကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီကို ဖိတ်မယ်၊ နောက်သက်ဆိုင်ရာ ရှမ်း၊ ကယား၊ မွန်ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်ဥက္ကဌတွေကို ဖိတ်မှာပါခင်ဗျ၊ အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်အောင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး ပေါ်ပေါက်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြန်လည်ပြင်ဆင်သုံးသပ်ရေးပေါ့နော်၊ ဒီဥပဒေကို အခြေခံပြီးတော့မှ ဆွေးနွေးသွားဖို့ရှိပါတယ်"
အဲဒီဆွေးနွေးပွဲကို ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေအပြင် ငြိမ်းချမ်းရေးယူထားတဲ့ ရှမ်း၊ ကယားနဲ့ မွန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကျင်းပနိုင်ဖို့အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဆီမှာ မနေ့က ခွင့်ပြုချက်သွားတင်ခဲ့ပြီး ဆွေးနွေးပွဲ ကျင်းပခွင့်ရ၊ မရကို ၁၅ ရက်အတွင်း အကြောင်းပြန်ပေးဖို့ကိုလည်း တင်ပြထားတယ်လို့ သိရပါတယ်။
ပထမအကြိမ် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကိုတော့ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့ရာမှာ ရှမ်းပြည်နယ်က ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ပါတယ်။ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အခုနှစ်မတ်လကကျင်းပခဲ့ပြီး ရှမ်းနဲ့ ကယားပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပါတယ်။