ပညာရေးဥပဒေပြင်ဆင်ရေး လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲ


2015.05.12
myothar-htluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ဖို့ အတွက် ပြည်သူ့လွှတ်တော်က ဆွေးနွေးအတည်ပြု ထားတဲ့ မူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေးရာမှာ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေပါတယ်။

ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲပေးဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုထားတာကို အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က အခုလို ကန့်ကွက်ဆွေးနွေးခဲ့ ပါတယ်။

"ပညာရေးနဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်းကတော့ အခြေအနေအရ တိုးမြှင့်ပေးပေမဲ့ ဘယ်လောက် ရာခိုင်နှုန်း တိုးရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ကိုယ်တိုင်တောင်မှ ဒီပြဌာန်းချက်မပေးနိုင်ခဲ့ပါ၊ အခြေအနေအချိန်အခါကြည့်ပြီး ကျနော်တို့ တိုးပေးနေရတာပါ၊ ကျနော်တို့မလုပ်နိုင်တဲ့ ကတိတစ်ခုကို နောင် လာမယ့် လွှတ်တော်၊ နောင်လာမယ့်အစိုးရလုပ်ဖို့ ဒီကြိုးနဲ့ချည်မယ်ဆိုရင် ကျနော်တု့ိတရားပါ့မလား၊ ဒါကြောင့် အသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးလို့မှ ကျနော်တို့ ဒီလွှတ်တော်ကလည်း ဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ လုပ်နိုင်တဲ့အခွင့်အရေးတွေ ပြီးဆုံးသွားပါပြီ၊ နောက်ဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ လုပ်ရမယ့်အစည်းအဝေးတွေ ဆုံးဖြတ်ချက်တွေက နောင်လွှတ်တော်နဲ့ နောင်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်၊ ဒါကြောင့် အသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်သင့်ကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် ပြည်သူ့လွှတ်တော်က ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးဖို့ဆိုပြီး ပြည်သူ့လွှတ်တော်က သဘောတူခဲ့ကြပါတယ်။

အဲဒီအချက်ကို အမျိုးသားလွှတ်တော်က လက်မခံဘဲ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆရာဆရာမသမဂ္ဂကိုယ်စားလှယ်တွေကိုသာ ပါဝင်ဆွေးနွေးခွင့်ရှိရမယ်လို့ ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။

အရင်က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ ပညာရေးအသုံးစရိတ်ကို ၅နှစ်အတွင်း သင့်တော်တဲ့ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သွားဖို့ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်ကတော့ အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ရည်မှန်းချက်ထားဆောင်ရွက်ဖို့ အတည်ပြုထားတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။