ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရသူတွေထဲက ၂ ဦးကို ကျောက်တော်မြို့နယ်တရားရုံး က ထောင်ဒဏ် ၃ နှစ်စီ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
အယူခံတင်ဖို့ မတင်ဖို့ကို ပြစ်ဒဏ်ချမှတ်ခံရသူ ၂ဦးနဲ့ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။
"မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁) အရ သူတို့နှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်၊ သူတို့က အထက်ရုံးကို အယူခံပေးပါလို့ တောင်းဆိုလာရင်တော့ ကျနော်တို့က အထက်ရုံးကို တက်ဖို့ရှိပါတယ်ခင်ဗျ"
အမိန့်ချမှတ်ခံရသူနှစ်ဦးဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေကဖြစ်ပြီး ရက္ခိုင့်တပ်မတော်(AA)တပ်ဖွဲ့ဝင်တွေ ဖြစ် တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ပလက်ဝမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ကျောက်တော် မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရသူ နောက်ထပ် ၁၆ ဦး ကျန်ရှိနေပါတယ်။
