ရှစ်လေးလုံးနှစ်ပတ်လည် လမ်းလျှောက်သူခေါင်းဆောင် ၂ ဦး တရားစွဲဆိုခံရ

0:00 / 0:00

၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် မနေ့က ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းကနေ မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ကြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

အာဏာပိုင်တွေက တရားစွဲဆိုလိုက်တဲ့နှစ်ဦး ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းနဲ့ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးဝင်းချိုတို့ ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံရတာဟာ အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက် မတောင်းခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မနေ့က လမ်းလျှောက်ချီတက်ပွဲမှာပါဝင်သူ ဦးဝင်းချိုက RFA ကို ပြောပါတယ်။

"မနေ့က ကျနော့်ကို လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား ရဲစခန်း ၃ ခုကနေ အမှုစစ်ပြီးတော့ ကိုယ်ပိုင်ခံဝန်နဲ့ ထုချေခွင့်ပေးထားပါတယ်၊ စမ်းချောင်း၊ ဒဂုံ၊ လမ်းမတော်ရဲကလည်း အမှုဖွင့်တယ်လို့တော့ သိပါတယ်၊ အဲဒီတော့ ဖြတ်သန်းလာခဲ့တဲ့မြို့နယ်တွေက အမှုဖွင့်တယ်လို့ ပြောထားတယ်၊ အားလုံးပေါင်း ၆ ခုပါ၊ အကုန်လုံးပုဒ်မ ၁၈ ပါပဲ"

မနေ့က အဖွဲ့အစည်း ၈ ဖွဲ့စုပေါင်းပြီး ၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ချီတက်လမ်းလျှောက်ရာမှာ လူပေါင်း ၁ဝဝ ကျော် ပါဝင်ခဲ့ကြပါတယ်။

ဒီအတောအတွင်း မနေ့ကကျင်းပတဲ့ ရှစ်လေးလုံးငွေရတု အခမ်းအနားအပြီး အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။