ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်း ၂ ခုကို မနေ့ကကျင်းပ တဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက် ပြီ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းတွေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြီးတာနဲ့ ရက် ၉၀ အတွင်း နည်းဥပဒေတွေ ပြဌာန်းသွားဖို့ရှိတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်၊
"ကျနော်တို့ကလုပ်ရမှာ ၂ ခုရှိပါတယ်၊ အခြေခံဥပဒေက သတ်မှတ်ထားတဲ့အတိုင်းပဲ ဒီဥပဒေထွက်လာပြီးရင် သမ္မတကြီးဆီသွားမယ်၊ သမ္မတကြီးက အတည်ပြုပြီးပြီဆိုလို့ရှိရင် ရက်ပေါင်း ၉ဝ အတွင်းမှာ နည်းဥပဒေတွေ ထုတ်ရမှာပေါ့၊ အဲဒီနည်းဥပဒေတွေ ထုတ်နိုင်ဖို့အတွက် ဘာတွေလုပ်မလဲဆိုတော့ ကျနော်တို့စပြီးတော့ ပြင်ဆင်ပါတယ်၊ အဲဒီဥပဒေအရ ကျနော်တို့ ဝန်ကြီးဌာနက လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို ရှင်းလင်းပြောကြားရမယ့်ကိစ္စတွေ သင်တန်းပေးရမယ့်ကိစ္စတွေ ဒါတွေစဉ်းစားပါတယ်၊ ပထမဦးဆုံးက ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနသာမကပဲနဲ့ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ ရှိလို့ရှိရင်လည်း ကျန်တဲ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ဖိတ်ခေါ်ပြီးတော့မှ ဒီဥပဒေကို ရှင်းပြဖို့ဆိုပြီးတော့မှ အစီအစဉ်တွေဆွဲပါတယ်"
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင် လက်ရှိကျင့်သုံးနေတဲ့ ၁၉၆၂ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကိုရော ၆၂ ကနေ ဆက်နွယ်ပြီး ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေနဲ့ အမိန့်တွေကိုပါ ရုတ်သိမ်းမှာဖြစ်တယ်လို့လည်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲတာဖြစ်ပြီး သတင်းမီဒီယာ ဥပဒေကြမ်းကိုတော့ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲတင်သွင်းတာဖြစ်ပါတယ်၊ ဒီဥပဒေကြမ်းတွေအပေါ် အမျိူးသားလွှတ်တော်မှာရော ပြည်သူ့လွှတ်တော်မှာပါ သဘောထားကွဲလွဲချက်တွေလည်း ရှိခဲ့ပါတယ်၊
ဒါပေမဲ့ အခု ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ သတင်းမီဒီယာ ဥပဒေကြမ်းဟာ သတင်းသမားတွေအတွက် အများစုအကာအကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခုဖြစ်တယ်လို့ စာနယ်ဇင်း ကောင်စီ(ယာယီ)က ဆိုပါတယ်၊
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်း နှစ်ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတာကြောင့် ဥပဒေပြဌာန်းဖို့ မလိုအပ်ဘူးဆိုပြီး မှတ်ချက်ပြုထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က မနေ့က ထပ်မံအတည်ပြုလိုက်ပါတယ်။
ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါဝင်ပေမဲ့ အများပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့လုပ်ပိုင်ခွင့်အရ အတည်ပြုလိုက်တာလို့ဆိုပါတယ်။ ဒီအကြောင်း ဒေါ်ခင်ခင်အိက ဆက်လက်တင်ပြမှာပါ။