သံတွဲမြို့ အကြမ်းဖက်မှုနဲ့ ဆက်စပ်သူ တရားခံ ၂ ဦး ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ဆက်စပ်ပြီး နေအိမ် ၂ လုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ရာမှာ တရားခံလို့ ယူဆရသူ ၂ ဦးကို ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

သံတွဲမြို့ရဲ့ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

"ဒါကတော့ သူ့ဥပေဒအရပေါ့ဗျာ၊ ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့အလျှောက် အရေးယူသွားမှာပါခင်ဗျ၊ ဒါကတော့ ပြစ်မှုပိုင်းဆိုင်ရာဖြစ်ပါတယ်၊ မနေ့ကညနေကတည်းက သူတို့နည်းနည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ကားဖျက်ဆီးတာတို့၊ အိမ်မီးရှို့တာတို့ ဖြစ်ပြီးတဲ့အခါ အဲမှာလုံခြုံရေးအဖွဲ့နဲ့ ထိန်းသိမ်းတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ညမထွက်ရအမိန့်ကို ချက်ချင်းပဲထုတ်လိုက်တော့ လူစုကွဲသွားပြီးတော့ အေးအေးဆေးဆေးပါပဲ၊ အခုအချိန်ထိ အေးအေးဆေးဆေးပါပဲ"

မနေ့က အဖြစ်အပျက်နဲ့ ဆက်စပ်သူ ၂ ဦးကို ဖမ်းဆီးပြီးတဲ့နောက် ဆက်လက်အရေးယူမှုတွေ ပြုလုပ်နေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဆူပူအကြမ်းဖက်မှုတွေကြောင့် သံတွဲမြို့ပေါ်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး အခြေအနေတွေကို ထိန်းသိမ်းဖို့ ညနေ ၇ နာရီက မနက် ၄ နာရီခွဲအချိန်အထိ စည်ပင်သာယာ နယ်နိမိတ်အတွင်း ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားဆဲဖြစ်ပါတယ်။