ရခိုင်နှစ်ပါတီ ပူးပေါင်းမှု ရွေးကောက် ပွဲကော်မရှင် ခွင့်ပြု

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ နှစ်ပါတီပူးပေါင်းပြီး ပါတီအသစ်ထူထောင်ဖို့ လျှောက်ထားခဲ့တာ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

မနေ့က ပြည်ထောင်စ ုရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားလာတာဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ နှစ်ပါတီပူးပေါင်းဖို့အတွက် နှစ် ဘက်ပါတီက ကိုယ်စားလှယ် နှစ်ယောက် က နေပြည်တော်မှာ လျှောက်လွှာသွားတင်တာ အခုဆိုရင်တော့ နှစ်လကျော် သုံးလနီးပါးရှိပြီ၊ မနေ့က ကော်မတီကနေ ကျွန်တော်တို့ ကော်မတီ အတွင်းရေးမှူးကို အကြောင်းကြားပါတယ်၊ ကျွန်တော်တို့ နှစ်ပါတီပူးပေါင်းပြီးတော့ ပါတီသစ်တစ်ခုကို တည်ထောင်ခွင့်ပြုတာ၊ တည်ထောင်ခွင့်ပြုလိုက်တဲ့နောက်ပိုင်းမှာ ကျွန်တော်တို့က နေပြည်တော် ကိုသွားပြီးတော့ မှတ်ပုံတင်ရမယ်၊ အဲဒီလိုလုပ်ပြီးမှ ကျွန်တော်တို့ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီးမှ မှတ်ပုံတင်မှာပါ"

ရခိုင်ပါတီ နှစ်ခုပေါင်းပြီး ရခိုင်အမျိုးသားပါတီအဖြစ် လာမယ့် ဇန်နဝါရီလ တတိယပတ်လောက် မှာ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ လတ်တလောမှာ ပါတီအသစ် မူဝါဒ၊ အလံ၊ ပါတီသင်္ကေတ စတာတွေအပြင် မြို့နယ်အဆင့်တွေမှာ ပါတီနှစ်ခုပူးပေါင်းနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ပြီးပါက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှစ်ပါတီစလုံးကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဟာ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကတော့ ၁၉၈၈ ခုနစ်ကတည်းက တည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။